Skip to main content

ဧည့်သည်ကို ဆွဲဆောင်နိုင်သည့် လမ်းဘေးအစားအစာ

 

လမ်းဘေး၌ ဈေး ဆိုင်ခင်းကာ အစားအစာများရောင်းချခဲ့ကြသည့် ဓလေ့က ကမ္ဘာတစ်ခွင်မှာ ရှေးကတည်းက ရှိခဲ့သည်။ ဂရိခေတ်၊ရောမခေတ်တို့တွင် ရောင်းချခဲ့ကြသည့်သာဓကများ တွေ့ရသကဲ့သို့ မီးတောင် ချော်ရည် များအောက် နစ်မြုပ်ခဲ့ရသည့် ပွန်ပေအိုင်မြို့ကြီး ပြန်လည်တူးဖော်မှုတွင်လည်း လမ်းဘေး အစားအသောက် ဈေးသည် အမြောက်အမြားရှိခဲ့ကြောင်း အထောက်အထားများ တွေ့ခဲ့သည်ဟု ဆိုသည်။ ကမ္ဘာတစ်ခွင် ခရီး လှည့်လည်သွားရောက်မှုများ ခေတ်စားလာပြီး လူမှုကွန်ရက်မီဒီယာများ တိုးတက်ထွန်းကားလာသည့် မျက်မှောက် ခေတ်တွင်မူ ကမ္ဘာလှည့်ခရီးသည်များအကြား ရေပန်းစား သည့် နိုင်ငံတကာရှိမြို့ကြီးအသီးသီးမှ လမ်းဘေးအစားအစာ တည်ခင်း ရောင်းချပုံများကို စိတ်ဝင်စားဖွယ် တွေ့မြင်ရသည်။ တစ်နည်းအားဖြင့် လမ်းဘေးအစားအစာများက ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင် သည့်အရာများထဲ၌ ပါဝင်နေခြင်းဖြစ်ပြီး လမ်းဘေးအစားအစာများသည် ဟိုတယ်များနှင့် စားသောက်ဆိုင်ကြီးများကို ရင်ပေါင်တန်းလာ ခြင်းပင် ဖြစ်သည်။

လမ်းဘေးစားသောက်ဆိုင်များတွင် အမျိုးအမည် အရောင် အသွေးစုံလင်သည့် စားသောက်ဖွယ်ရာများကို အလွယ်တကူ ရွေးချယ်ဝယ်ယူ စားသောက်နိုင်ကြသည်။ လမ်းဘေးအစားအစာ ဆိုင်အများစု က တစ်မယ် ကောင်း ချက်ပြုတ်ရောင်းချကြခြင်းဖြစ်ပြီး မြန်မြန် ဆန်ဆန်နှင့် ဈေးသက်သက်သာသာ စားသုံးနိုင်ကြသည့် အတွက် လူတန်းစားမရွေး နှစ်ခြိုက်ကြသည်။ အပျော်စားသောက်ကြသည့် သဘောဖြစ်ပြီး ဒေသခံများ၏ စရိုက်သဘာဝများကိုလည်း အလွယ် တကူပင် တွေ့မြင်နိုင်သည်။ ၂၀၀၇ ခုနှစ်က ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက ပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ခုတွင် ကမ္ဘာတစ်ခွင်မှ လူဦးရေ ၂ ဒသမ ၅ ဘီလီယံ တို့ လမ်းဘေးအစားအစာများကို နေ့စဉ်ဝယ်ယူစားသုံးနေကြသည်ဟု ဆိုထားသည်။ လမ်းဘေးအစား အစာ ဆိုင်များကို လူအများက စိတ်ဝင်စားကြသည်နှင့်အမျှ ရုပ်မြင်သံကြားအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း၊ သန့်ရှင်းလတ်ဆတ်မှု၊ အရသာကောင်းမွန်မှု၊ တည်ခင်းဧည့်ခံမှုတို့အပေါ် အကဲဖြတ်အမှတ် ပေးခြင်း၊ အသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းတို့ကို ပြုလုပ် လာကြသည်။ ကမ္ဘာတစ်ခွင်ရှိ လမ်းဘေး အစားအစာ များကို အကဲ ဖြတ်အမှတ်ပေးပြီး တန်းစီဇယားများ ပြုလုပ်ခဲ့ရာတွင် ဟောင်ကောင်၊ ဘန်ကောက်၊ ဟိုချီမင်း၊ စင်ကာပူး မွမ်ဘိုင်း စသည်ဖြင့် အာရှနိုင်ငံများမှ မြို့ကြီး များ၏ လမ်းဘေးအစားအစာများက ထိပ်ဆုံးတွင် နေရာယူ ထားကြသည်ကို တွေ့ရသည်။

လမ်းဘေးအစအစာများအတွက် အဓိကအကျဆုံးသော ပုစ္ဆာမှာ အစားအစာ၏ အရည်အသွေးပင်ဖြစ်သည်။ သန့်ရှင်းလတ်ဆတ်မှုနှင့် အရသာရှိရှိ စီမံချက်ပြုတ်မှုတို့က အစားအစာ၏ အဓိကအကျဆုံး အရည်အသွေး များပင် ဖြစ်သည်။ လမ်းဘေးအစားအစာ တည်ခင်း ရေရောင်းချသည့်နေရာသည် မော်တော်ယာဉ် အသွား အလာ ထူထပ်များပြား သည့်နေရာတွင် ဖြစ်မည်ဆိုပါက ကားမီးခိုးငွေ့တွင်ပါဝင်သည့် ကာဗွန် မိုနောက်ဆိုဒ် အပါအဝင် အခြားသော ကျန်းမာရေးအတွက် အန္တရာယ် ရှိသည့် ဒြပ်ပေါင်းများ ဖုန်မှုန့်များနှင့် ပိုးမွှားများ အစားအစာတွင် ကျရောက်နိုင်သည့် အခြေအနေတွင် ရှိနေမည်ဖြစ်သည်။ အစားအစာ များအတွက် ကုန်ကြမ်းများ ထားသိုမှု ချက်ပြုတ်ရန်အတွက် ကိုင်တွယ် လှီးဖြတ်မှု တည်ခင်းမှု စသည့် အဆင့် အသီးသီး တွင် အစားအစာကိုင်တွယ် သူ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အိုးခွက်ပန်းကန်များ ၏ သန့်ရှင်းရေး တို့အပါအဝင် အားလုံးသန့်ရှင်းဖို့ လိုသည်။ ထို့အပြင် အသင့်ချက်ပြုတ်ထားသည့် အစားအစာ များကို ရောင်းချခြင်းထက် လတ်ဆတ်စွာ ချက်ပြုတ်ရောင်းချရန်၊ လက်ကျန်အစားအစာများကို ပြန်လည် ကြော်လှော် ရောင်းချခြင်း မပြုရန်၊ အကြိမ်ကြိမ်ကြော်ထား သည့် ဆီများကို အသုံးမပြုရန် စသည်ဖြင့် ရှောင်ကြဉ်ကြရန်လည်း လိုအပ်သည်။

ယခုအခါ မိမိတို့နိုင်ငံ၏ မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့အပါအဝင် မြို့ကြီးများတွင် လမ်းဘေးအစားအစာ ဆိုင်များ၊ ညဈေးများ ရေပေါ်ဈေးများ၊ လမ်းလျှောက်ဈေးများ စသည် ဖြင့် ဖွင့်လှစ် တည်ခင်းရောင်းချနေကြပြီး ပြည်တွင်း ပြည်ပမှ ဧည့်သည် များ စားသုံးနေကြသည်ကို တွေ့ရသည်။ လမ်းဘေး အစားအစာများကို စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ၊ အရသာရှိစွာ ရောင်းချခြင်းဖြင့် မြို့၏ အထင် ကရနေရာများ ဧည့်သည်ကို ဆွဲဆောင်သည့်နေရာများ၊ ပြည်ပ ခရီးသွားတို့ မဖြစ်မနေ အရောက် လာမည့်နေရာများ ဖြစ်ပေါ်လာမည်ဟု ရှုမြင်မိပါကြောင်း။ ။