Skip to main content

ရောဂန္တရဘေး ကင်းဝေးကြရလေအောင်

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် စပ်လျဉ်း၍ ကမ္ဘာ တစ်ဝန်း ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ဆက်တိုက် များပြားလာနေသည်။ နိုင်ငံပြင်ပမှ ရောဂါကူးစက်ဝင်ရောက်လာခြင်း၊ နိုင်ငံအတွင်း၌လည်း ဆက်လက် ကူးစက်ပြန့်ပွားခြင်း နည်းလမ်းများဖြင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများ ဖြစ်ပေါ်နေရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ပြန့်ပွားနိုင်မှု (Risk Assessment) အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်သည်။

COVID-19 ရောဂါမှာ ယမန်နေ့ ညပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် ရောဂါဖြစ်ပွားနေပြီး သေဆုံးသူဦးရေ စုစုပေါင်းမှာလည်း ၃၁၁၂ ဦးထိ ရှိနေပြီဖြစ်သည်။ နိုင်ငံတွင်း ရောဂါကူးစက်မှု ဖြစ်ပွားနေသည့် နိုင်ငံများ၏ အရေအတွက်မှာလည်း တစ်ရက်ပြီးတစ်ရက် တိုးလျက်ရှိနေသည်။

COVID-19 ရောဂါဖြစ်ပွားနေသူများ၊ ရောဂါလက္ခဏာ မပြသေးသော်လည်း ရောဂါရှိနေသူများ ထံမှ အခြားသူများသို့ ရောဂါကူးစက်မှုသည် လူစုလူဝေးများသည့် နေရာများတွင် ပြန့်ပွား နိုင်သည့်အတွက် ယခုကာလအတွင်း လူစုလူဝေးများသည့်နေရာများ၊ ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ကြည့်ကြရန် လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များကို မဖြစ်မနေ ကျင်းပ ရပါကလည်း လူနည်းနည်းနှင့် ကျင်းပပြီး ဖျားနာနေသူများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေသူများ မလာရောက်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။ မကြာမီကျင်းပတော့မည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲအခမ်းအနား၊ ရန်ကုန်တက္ကသိုလ် ရာပြည့်ဓမ္မသဘင် အခမ်းအနား စသည် တို့အပါအဝင် လူစုလူဝေး ပွဲလမ်းသဘင်များစွာ ဆိုင်းငံ့လိုက်ကြသော်လည်း အချို့ပွဲလမ်း သဘင်များ ကျင်းပမည့်သတင်းများကို တွေ့ရှိနေရသေးသည်။ အထူးသဖြင့် ယခုလသည် မြန်မာပြက္ခဒိန်အရ တပေါင်းလဖြစ်သည့်အလျောက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘုရားပွဲများ ကျင်းပလေ့ရှိသည့် ကာလဖြစ်ရာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း ကျင်းပရန် ပြင်ဆင် နေကြခြင်းဖြစ်သည်။ COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်လွန်၊ အကြောက်တရား လွန်ကဲခြင်းမျိုး မဖြစ်သင့်သလို လုံးဝအလေးဂရုမပြုခြင်း၊ ကံယုံ၍ ဆူးပုံနင်းခြင်းကဲ့သို့သော အစွန်းတစ်ဖက်သို့လည်း ရောက်သွားသင့်သည် မဟုတ်ပေ။

ဖျားနာနေသူ၊ နှာစေးချောင်းဆိုးနေသူ၊ နှာချေနေသူ၊ သက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တစ်ခုခု ဖြစ်နေသူတစ်ဦးအနေဖြင့် ပါးစပ် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ထားရန် (ကျန်းမာနေသူများမှာ ပါးစပ်နှာခေါင်းစည်းတပ်ရန်မလိုပါ။) လူစုလူဝေးများသည့် နေရာများ၊ ပွဲလမ်းသဘင်များသို့ မသွားဘဲ ရှောင်ရှားရန်လိုအပ်သည်။ သာမန်အားဖြင့် ကျန်းမာနေသူများမှာ လူစုလူဝေးများသည့် နေရာများသို့ တတ်နိုင်သမျှ မသွားဘဲရှောင်ခြင်း၊ လက်ကို မကြာခဏ စနစ်တကျဆေးကြော သန့်စင်ခြင်းတို့ပြုလုပ်ရန် အကြံပြုချက်များကို လိုက်နာ ဆောင်ရွက်ခြင်း အားဖြင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကို ကျော်လွှား သွားနိုင်ကြမည် ဖြစ်သည်။

လက်ရှိ အခြေအနေတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများ၌ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများ၊ စီးပွားရေး အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းရှေ့တန်းရောက်နေသည့် နိုင်ငံများ စသည်တို့ပါဝင်နေပြီး ရောဂါလျင်လျင်မြန်မြန် ကူးစက်နေမှုနှင့် ရောဂါကြောင့် အသက်သေဆုံးမှု များပါ ဖြစ်ပေါ်လျက်ရှိသည်။ မိမိတို့ပြည်သူတဦးချင်းက သတိဟူသည် ပိုသည်မရှိဟူ၍ နှလုံးမူလျက် ကျန်းမာရေးအသိတရားရှိရှိဖြင့် ကျင့်သုံးနေထိုင်ကြကာ ရောဂန္တရဘေးမှ ကင်းဝေး နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)