Skip to main content

ဒုတိယဝန်ကြီး ဦးလှကျော် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

နေပြည်တော် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ပက်တန်းကျေးရွာ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းနှင့် တောင်သူ များထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၇ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် လယ်ယာနှင့် သားငါး ကဏ္ဍ၊ ကျေးလက်ကဏ္ဍ တို့တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဆန်စပါးနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးကို အရှိန်မြှင့် တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီဥတု ပြောင်းလဲသက်ရောက်မှုကြောင့် သဘာဝ ဘေး ဒဏ်ကို နှစ်စဉ် ခံစားရမှုများသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေဆုံးရှုံးမှု များ ဖြစ်ပေါ်လျက်ရှိနေ၍ ထုတ်လုပ်မှုပမာဏကို ထိခိုက်မှုမရှိအောင် ကြိုးပမ်းနေရပါကြောင်း၊ စိုက်ပျိုးရေအတွက် ဆည်တာတမံများ တည်ဆောက်ပေးခြင်း၊ ဆည်ရေသောက်စနစ်များ ဖွံ့ဖြိုးလာရေးဆောင်ရွက်ခြင်းနှင့် ရှားပါးလာသည့် လယ်ယာလုပ်သားများနေရာတွင် အစား ထိုးနိုင်ရန် လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးခြင်းတို့ကို သက် ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီဖြည့်ဆည်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဇလွန်မြို့နယ်တွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၁၅၀ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ လွှဲပြောင်းပေးအပ်နိုင်ခြင်းမှာ ဇလွန်မြို့နယ် ပက်တန်းကျေးရွာအုပ်စုမှ တရုပ် ရိုးကျေးရွာနှင့် တင်းကုတ်စုကျေးရွာများရှိ ဒေသခံတောင်သူများ၏ အောင်မြင်မှုရလဒ်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ ဒေသနေပြည်သူများအနေဖြင့် စက်မှု လယ်ယာစနစ်ကျ လယ်မြေကို ရေရှည်တည်တံ့ရေး၊ သင့်လျော်ကိုက်ညီသည့် သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပေး ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်နှင့် ဇလွန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း တို့က စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်းများနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဘက် ပေါင်းစုံမှ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကြပြီး စက်မှုလယ်ယာ စနစ်ကျ လယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုလယ်ယာကဏ္ဍဆိုင်ရာ ပြခန်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများမှ ပြသထားသည့် လယ်ယာသုံး စက်ကိရိယာများ၊ ထွန်စက်များ၊ ရိတ်သိမ်း ခြွေလှေ့စက်များ၊ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ပြခန်းများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ သည် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပက်တန်းကျေးရွာအုပ်စု ပျဉ်းမကုန်း - ရှမ်းစု ရွာချင်းဆက်လမ်းမှ ပျဉ်းမကုန်း အနောက် - ပက်တန်း - တံခွန်တိုင် - မဟာသာ - ဆင်မြေစား ရွာသွားလမ်းဘေးတွင် တည်ရှိပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် ဖော်ထုတ်ပြီးစီးသည့် စနစ်ကျလယ်မြေတွင် မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံ တို့ကို စက်ကိရိယာများ အသုံးပြု၍ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ တစ်အိမ်သုံး ဆိုလာစနစ် ICB- 3 ဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးပြီး ဓနုဖြူ မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်းရန်ပုံငွေဖြင့် ကဇင်းတောကျွန်းကျေးရွာ KG ကျောင်းဆောင် (40'×30'×12')တည်ဆောက်ခြင်း လုပ်ငန်းခွင်၌ ကျေးရွာကော်မတီများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)