နေပြည်တော် မတ် ၁၆
AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးကားလမ်းကြောင်းတစ်လျှောက် ICRC ထောက်ပံ့ရေး ယာဉ်တန်း အပါအဝင် တပ်မတော်ယာဉ်တန်းများအား မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မတ် ၁၃ ရက်က မင်းပြားမြို့နယ်မှ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုချိန်တွင် အေးချမ်းတည်ငြိမ် စေရန် အပြင်စည်း လုံခြုံရေးဆောင်ရွက်ပေး နေသည့် တပ်မတော်လှုပ်ရှားစစ်ကြောင်း နှစ်ကြောင်းသည် ယာဉ်တန်းဖြင့်ချီတက်လာစဉ် မြောက်ဦးမြို့၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ ရန်ကုန်-စစ်တွေသွား ပြည်ထောင်စုကားလမ်းမပေါ်ရှိ ပေါင်းတုတ် ကျေးရွာအနီးနေရာများမှ AA အဖွဲ့က အဝေးထိန်း မိုင်းလေးလုံးဖောက်ခွဲခြင်း၊ တိမ်ညို ကျေးရွာနှင့် တောင်ဦး ကျေးရွာအနီးနေရာများမှ အဝေးထိန်းမိုင်း ငါးလုံး ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည့်အပြင် ပြည်ထောင်စုကားလမ်းအပေါ် မော်တော်ယာဉ်များ မသွားနိုင်အောင် လက်လုပ်သုံးမြှောင့်သံချွန်များ လမ်းလုံးပြည့် ဖြန့်ခင်းထားသဖြင့် စစ်ကြောင်းများက ရှင်းလင်း ခဲ့ရကြောင်း သိရသည်။
အလားတူ ကျောက်တော်မြို့နယ် မြောက်ဘက်အပြင်စည်း လုံခြုံရေးဆောင်ရွက် ရန် ချီတက်နေသည့် တပ်မတော်ယာဉ်တန်းကို ကျောက်တော်-ပလက်ဝသွား ကားလမ်းပေါ်ရှိ သာစည်ကျေးရွာအနီး၌ AA အဖွဲ့က အဝေးထိန်း မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်ခဲ့ရပြီး ဖြစ်စဉ်များတွင် မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ထို့ပြင် ဘူးသီးတောင်မြို့နယ် အောင်ဘ ကျေးရွာအနီး ညောင်ချောင်း-စေတီပြင် သွားကားလမ်းပေါ်ရှိ အရှည် ပေ ၂၀ ၊ အကျယ် ၁၄ ပေ၊ အမြင့်ငါးပေရှိ သံကူကွန်ကရစ် တံတားအား AA အဖွဲ့များက ယနေ့နံနက် ၁ နာရီခွဲခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တံတားကြမ်းခင်း နှစ်ပေပတ်လည် ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး တံတားအောက် ကွန်ကရစ်လောင်းရာမှ ကျန်ရှိသော သုံးထပ်သားပြားနှင့် တံတားကြားတွင် မိုင်းခွဲ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနေရာမှ ဝိုင်ယာကြိုး အစအနများနှင့် တစ်ပေပတ်လည် သွပ်ပြား အဝိုင်းနှစ်ချပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း၊ အဆိုပါနယ်မြေတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်