တောင်ကုတ် ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် တောင်ကုတ်မြို့နယ် စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက တောင်ကုတ်ဒီဂရီကောလိပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမေမြင့် ၊ တောင်ကုတ်ဒီဂရီ ကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထွဋ်လွင်နှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းသားကျောင်းသူလေးများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက Theme Song ကို သီဆိုသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်၌ ကလေးစာပေပွဲတော်များကို ကျင်းပလာခဲ့သည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် ယခု တောင်ကုတ်မြို့ အပါအဝင် ၄ ကြိမ်မြောက် ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ၊ ယနေ့လူငယ်များသည် နောင်အနာဂါတ်တွင် ရခိုင်ပြည်နယ်ကို ဦးဆောင် ဦးရွက်ပြုလာမည့် လူငယ်များဖြစ်ပါကြောင်း ။
ကလေးများသည် အဖြူရောင်ပန်းလေးများကဲ့သို့ အပြစ်ကင်းစင်ပြီး ဖြစ်သဖြင့် ကလေးများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အသိပညာ ဗဟုသုတမြင့်မားအောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း ၊ ကလေးစာပေပွဲတော်ကို ကလေးငယ်များအား စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရေး ၊ ကလေးစာပေပွဲတော်တွင် ပျော်ရွှင်စွာဆင်နွဲ့ရင်း စုပေါင်းပါဝင် ဆောင်ရွက်ရသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ပညာဗဟုသုတများ လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂါတ်တွင် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်လျက် ကျင်းပပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က အမှာစကားပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖ ဦးကျောက်တောင်က ကျေးဇူးတင်စကား ပြောကြားပြီး တောင်ကုတ်ဒီဂရီ ကောလိပ်မှ ကျောင်းသားကျောင်းသူလေးများက သမိုင်းထင်ရှား ရခိုင်သား ယိမ်းအကဖြင့် ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြခန်းများ စာအုပ်အရောင်းဆိုင်နှင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူလေးများအား လှည့်လည်ကြည့်ရှု အားပေးပြီး လက်ဆောင် ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)