နေပြည်တော် မတ် ၁၇
ယနေ့အချိန်အခါသည် မီဒီယာခေတ်ဖြစ်၍ မီဒီယာကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မီဒီယာအနေဖြင့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်နှင့် အသိပညာပေးရန်ဟူသည့် မူလတာဝန်ကြီး သုံးရပ်အပြင် အများပြည်သူကို ပြုံးပျော်ကြည်နူး၊ ရွှင်မြူးမှုနှင့်အတူ မှန်ကန်သည့် သတင်းအချက်အလက်များ၊ အယူအဆနှင့် အတွေးအခေါ်များရရှိပြီး နိုင်ငံတော်တည်ဆောက်ရေး၊ အေးချမ်းသာယာရေးကဏ္ဍများတွင် အားတက်သရော ပါဝင်လုပ်ဆောင်လာအောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
ယနေ့နံနက် ၉ နာရီက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ စွမ်းရည်မြှင့်သင်တန်း တက်ရောက်ရန်နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် စုစည်းရောက်ရှိနေသော ဝန်ထမ်းသစ်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
ကြိုးစားဆောင်ရွက်
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက AI အပါအဝင် ခေတ်မီနည်းပညာများနှင့် ဆက်စပ်ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် မီဒီယာလုပ်ငန်းများဖြစ်လာအောင် စီမံဆောင်ရွက်ကြစေလိုကြောင်း၊
ဝန်ထမ်းများ ဖြစ်လာကြပြီဖြစ်၍ ဝန်ထမ်းစည်းကမ်းလည်း လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ “စည်းကမ်းရှိရှိ၊ ပျော်ပျော် ရွှင်ရွှင်နေ၊ သစ္စာရှိရှိ၊ ရဲရဲဝံ့ဝံ့လုပ်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စည်းနှင့် ကမ်းနှင့်နေရမည်ဖြစ်သလို ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ထိုးထွင်းကြံဆနေကြရမည်ဖြစ်သလို နိုင်ငံတော်နှင့် ပြည်သူအတွက် သစ္စာရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်မှာကြားလိုကြောင်း၊ ဓားများလိုသွေးနေမှ အမြဲတမ်းထက်နေမည်ဖြစ်ပြီး မသွေးဘဲထားပါက တုံးသွားမယ်ဆိုတာကို သတိပြုကြရမည်ဖြစ် ကြောင်း၊ MRTV တွင် ထူးခြားမှုအနေဖြင့် တိုင်းရင်းသားပေါင်းစုံနီးပါးရှိနေကြပြီး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ အသိဉာဏ်ရှိရှိ၊ တူညီသည့်ဆန္ဒဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နေကြသည်မှာ အနှစ်သာရရှိသဖြင့် အင်မတန်ဝမ်းမြောက်ကျေနပ်ရပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်လည်း MRTV အပေါ် အလွန်အလေးထားသဖြင့် MRTV မှ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ခံယူချက်နှင့် လုပ်ငန်းစဉ် Process ကို ချစ်မြတ်နိုးရန်၊ မှန်ကန်သောအသိ၊ မှန်ကန်သောအမြင်၊ မှန်ကန်သောစေတနာဖြင့် ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။
ဖျော်ဖြေတင်ဆက်
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အမှုထမ်း၊ အရာထမ်းများနှင့် ဝန်ထမ်းသစ်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “အားလုံးချစ်သည် MRTV” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ “နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ထမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကိုပြသခြင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “သီချင်းများပေါင်းစပ် တစ်ခန်းရပ်ပြဇာတ်” တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ဆောင်ရွက်ကြသည်။
ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်သင်တန်းသို့ ရုပ်သံနှင့်အသံလွှင့်ကျွမ်းကျင်(၂)နှင့် (၄)၊ အနုပညာရှင်(၂)နှင့် (၄)၊ အငယ်တန်းအင်ဂျင်နီယာ(၂)၊ စက်မှုကျွမ်းကျင် (၄)နှင့် အငယ်တန်းစာရေး ဝန်ထမ်းများ စုစုပေါင်း ၈၉ ဦး တက်ရောက်ကြမည်ဖြစ်ပြီး မဟာဘွဲ့သုံးဦး၊ စက်မှု B.E ဘွဲ့ သုံးဦးနှင့် AGTI ခုနစ်ဦး၊ ဥပဒေဘွဲ့တစ်ဦး၊ သိပ္ပံဘွဲ့ကိုးဦးနှင့် ဝိဇ္ဇာဘွဲ့ရ ၂၀၊ တက္ကသိုလ်တက်ရောက်ဆဲ ၄၀၊ အနုပညာရှင် ခြောက်ဦးတို့ဖြစ်သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုပ်သံပင်မအဆောက်အအုံအတွက် လျှပ်စစ်ဓာတ်အား အသုံး ပြုမှုချွေတာနိုင်သည့် (Ton 1000, Chiller System)စနစ်သို့ အဆင့်လေးဆင့် ခွဲခြားလုပ်ဆောင်နေမှုမှ တတိယအဆင့် (250 Ton) အစားထိုးတပ်ဆင်ပြီးစီးမှုကိုလည်းကောင်း၊ ဝန်ထမ်းများအတွက် ရေသန့်သောက်သုံးရေလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် တစ်နာရီလျှင် ရေသန့်လီတာ ၅၀၀ ထုတ်လုပ်ပေးနိုင်သည့် ရေသန့်စက်နှစ်နေရာ တပ်ဆင်ဆောင်ရွက်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းခန်းမတွင် “နိုင်ငံတကာ ရုပ်သံဌာနများ၏ အတွေ့အကြုံ ပြန်လည်မျှဝေအသုံးပြုရေးသင်တန်း” ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်း၌ နိုင်ငံတကာရုပ်သံဌာနများတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သင်တန်းနည်းပြလေးဦးက ရက်သတ္တနှစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးကြမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်း သူ ၂၅ ဦး တက်ရောက်သင်ယူလျက်ရှိသည်။
နေ့လယ်စာ အတူတကွသုံးဆောင်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Office Canteen တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အရာထမ်းများ၊ ဝန်ထမ်းသစ်များနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။
သတင်းစဉ်