Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က တရားမျှတပြီး ဘက်လိုက်မှုကင်းရှင်းတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်းရှိ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအသီးသီးနှင့် ဌာနဆိုင်ရာများကပူးပေါင်းပြီး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပထမ အကြိမ်မဲစာရင်းများ ကပ်ထားကြေညာစဉ်ကာလမှာ မဲဆန္ဒရှင်များ၏ သတ်မှတ်ပုံစံ အသီးသီးဖြင့် လျှောက်ထားမှုများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးသွားကြရန်နှင့် မှားယွင်းမှု အနည်းဆုံးဖြစ်အောင် စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးဆန်းလွင် တို့က ဒုတိယအကြိမ် မဲစာရင်း မကြေငြာမီ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လွဲမှားမှုအများဆုံး ဖြစ်ပေါ်နိုင်သည့် အချက်များ၊ ရွေ့ပြောင်းလုပ်သားများနှင့် ကျူးကျော်နေထိုင်ကြသူများအတွက် စီမံဆောင်ရွက်သင့်သည့် အချက်များ၊ မဲဆန္ဒရှင်စာရင်းမကျန်ရှိစေရေး စီစဉ်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြာများ ပျက်စီး၊ ပျောက်ဆုံး၊ လျှောက်ထားမှု များကို ဆောင်ရွက်ပေးနေမှု အခြေအနေများ အား သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)