မုဒုံ သြဂုတ် ၂၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင်မြို့မြေငှားဂရန် (မြေငှားစာချုပ်) ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၀)နာရီ ကမုဒုံမြို့မေတ္တာစံအိမ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်မြို့သူ/မြို့သားများ အတွက် မြေငှားဂရန်ကို ဥပဒေဘောင်အတွင်းပေးအပ်နိုင်ခဲ့ကြောင်း၊ မြို့တစ်မြို့၏အင်္ဂါရပ်နှင့် ညီညွတ်မှုတွင် မြေငှားဂရန် ပါဝင် ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်မြေငှားဂရန်ဆောင်ရွက် ပေးမှုအပါဝင် လမ်း၊တံတား၊ လျှပ်စစ်မီး ရရှိရေးနှင့်သောက်သုံးရေရရှိအောင် အကောင်ထည် ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်းပြောကြားသည်။ ထို့နောက်တက်ရောက်လာသူများမှ မြေငှားဂရန်(မြေငှားစာချုပ်)များကို မုဒုံမြို့နယ် မြို့မ(၃) ရပ်ကွက်အတွင်းရှိ မြေငှားဂရန်လျှောက်ထားသူ အိမ်ထောင်စု(၄၀)အား ပေးအပ်ခဲ့ပြီး မြေငှားဂရန် ရရှိသူပြည်သူတစ်ဦးက အားလုံး၏ကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ မုဒုံမြို့နယ်တွင်ပထမအကြိမ် အဖြစ် ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
အောင်မျိုးသူ(မုဒုံ)