Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော်   ဩဂုတ် ၂၈ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)အရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ၂၀၂၀ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော်နာယက က  ပြင်ဆင်ချက်မရှိသည့် အပိုဒ်များနှင့် ပြင်ဆင်ချက်ရှိပြီး သဘောတူညီမှုရရှိသည့် အပိုဒ်များကို လွှတ်တော်၏ သဘောထားမေးမြန်း၍လည်းကောင်း၊ ပြင်ဆင်ချက်ရှိသည့် အပိုဒ်အတွင်းမှ သဘောတူညီမှု မရရှိသည့်အပိုဒ်များကို မတ်တပ်ရပ်ဆန္ဒပြုသည့် နည်းလမ်းကို အသုံးပြု၍ လည်းကောင်း  လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူ သည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သံလွင်မြစ်ကူးတံတား(တာဆန်း) ကြိုးတံတားတည်ဆောက်ခြင်း စီမံကိန်းအတွက် ဩစတြီးယားနိုင်ငံ၊ UniCredit Bank ထံမှ အတိုးမဲ့ချေးငွေယူရို ၈ ဒသမ ၄ သန်း ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက အဆိုပါ တံတားသစ်ကြီးတည် ဆောက်ပြီးပါက ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)ကို ခရီးမိုင်သက်သာစွာဖြင့် ကူးလူးဆက်ဆံ သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ တာဆန်းတံတားသည် မဟာဗျူဟာမြောက် စစ်ဘက်၊ အရပ်ဘက်အတွက် အရေးပါသော တံတားတစ်စင်းဖြစ်ပြီး ဝေးလံခက်ခဲသော နယ်စပ်ဒေသ အခြေအနေအရ ဘက်စုံအသုံးပြုနိုင်မည့် အဓိကကျသည့် တံတားတစ်ခုဖြစ်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဒေသအတွက် ရွှေတံတားကြီးဖြစ်လာမည့် သံလွင်တံတား (တာဆန်း)အတွက် ချေးငွေယူရို ၈ ဒသမ ၄ သန်းချေးယူခြင်းအား ထောက်ခံပါကြောင်း ပြောကြားသည်။

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ကြွေးမြီအသုံးစရိတ်များဖြစ်သည့် ချေးငွေနှင့် ပတ်သက်၍ သက်ဆိုင်ရာငွေ ထုတ်ချေးသည့်နိုင်ငံ၊ အဖွဲ့အစည်းများ၏ မူဝါဒ၊ သဘောထားများ၊ စာချုပ် စာတမ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ ယခင်ကတွေ့ကြုံခဲ့သည့် ချေးငွေအတွေ့အကြုံများကို နမူနာယူပြီး သုံးစွဲရန်လျာထားသည့်(၂)နှစ်အတွင်း လုပ်ငန်းပြီးပြတ်အောင် သုံးစွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မမျှော်လင့်နိုင်သည့် အခြေအနေများကိုလည်း ကြိုတင် မှန်းဆတွက်ချက်ထားပြီး လိုအပ်ချက်၊ အားနည်းချက် အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ရန် အကြံပြုလိုပါကြောင်းနှင့် ယူရို ၈ ဒသမ ၄ သန်းချေးယူခြင်းကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ကွန်ဟိန်းမဲဆန္ဒနယ်မှ နန်းခင်စောက တာဆန်းတံတားသစ်စီမံကိန်း ပြီးစီးခဲ့ပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ဒေသထွက်ကုန်များ၊ ကုန်စည်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)သာမက အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံများကိုပါ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက် အကူပြုစေမည်ဟု သိရှိရပါကြောင်း၊ ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေမည့် အကျိုး ကျေးဇူးကို ရရှိလာမည်ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ပြင် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှ ထိုင်း - မြန်မာ အဓိက နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ လာသည့်အခါတွင် ခရီးမိုင် ၅၂ မိုင်လျော့နည်းသွား စေမည့်အပြင် သက်တောင့်သက်သာ စွာဖြင့် တောင်ကြီး-တာချီလိတ်ခရီးကို နေ့ချင်း ရောက်ရှိနိုင်မည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အတိုးမဲ့ချေးငွေ ယူရို ၈ ဒသမ ၄ သန်းရယူသွားမည့်အပေါ် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်လှဌေး(ခေါ်) ဒေါ်အုန်းကြည်တို့က ဆက်လက်ဆွေးနွေးကြသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ယင်းကိစ္စ နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတားသစ် တည်ဆောက်ပြီးစီးပါက ယာဉ်တစ်စီးချင်းခံနိုင်ဝန် ၇၅ တန် ရှိမည်ဖြစ်ပြီး တောင်ကြီးမြို့မှ ထိုင်းနိုင်ငံသို့ လူစီးယာဉ်ငယ်များသာမက ကုန်တင်ယာဉ်၊ တွဲကားများပါ အဆင်ပြေချောမွေ့စွာ ကုန်သွယ်သွားလာနိုင်မည် ဖြစ်သည့်အတွက် ရှမ်းပြည်နယ်၏ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် တာဆန်းတံတားအပေါ်တွင် များစွာမူတည် နေသည့်အတွက် သံလွင်မြစ်ကူးတံတား(တာဆန်း) ကြိုးတံတားတည်ဆောက်ခြင်း စီမံကိန်း အတွက် လိုအပ်သော သံဘောင်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ အသုံးပြုနိုင်ရန် အတိုးမဲ့ ချေးငွေယူရို ၈ ဒသမ ၄ သန်းချေးယူမည့်ကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ဆွေးနွေးရာတွင် ချေးငွေရယူရေးကိစ္စကို လွှတ်တော်က အတည်ပြုပြီး သည့်အခါတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဩစတြီးယား နိုင်ငံ၊ UniCredit Bank နှင့် ချေးငွေစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းခြင်း၊ ချေးငွေစာချုပ်လက် မှတ်ရေးထိုးခြင်း၊ စာချုပ် အသက်ဝင်ရန် ဆောင်ရွက်ခြင်းနှင့် ချေးငွေထုတ်ယူရရှိရန်အတွက် ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်များ ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေပြီး ဆောလျင်စွာပြီးစီးစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေများ ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပုံမှန်အစီရင်ခံ တင်ပြရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အတိုးမဲ့ချေးငွေ ယူရို ၈ ဒသမ ၄ သန်း ရယူမည့်ကိစ္စအပေါ် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အစည်းအဝေး ကာလတစ်လျှောက်လုံး တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ယခု အစည်းအဝေးကာလအတွင်း လာမည့် အောက်တိုဘာ ၁ ရက် မှ စတင်မည့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် အတွက် နှစ်စဉ်မဖြစ်မနေ ပြဋ္ဌာန်း ဆောင်ရွက်ပေးရမည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေ ကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြု ပေးနိုင်ခဲ့ပြီး လွှတ်တော်ဆိုင်ရာ အခြားလုပ်ငန်းတာဝန်များကိုလည်း ထိုက်သင့်သလောက် အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် တစ်ကမ္ဘာလုံး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသကဲ့သို့  မိမိတို့နိုင်ငံတွင်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းသည် အကျဘက်သို့ ရောက်ရှိနေသည်ဟု  ထင်ရသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စတင်တွေ့ရှိ လာသည့် ပြည်တွင်းကူးစက်မှုများသည် မိမိတို့နိုင်ငံအတွက် ယခုထက်ပို၍ အထူးသတိထား ဆောင်ရွက်ကြရန်  လိုအပ်သည်ကို ဖော်ညွှန်းပြသနေပါကြောင်း၊ တစ်ဦးချင်းအနေဖြင့် ကိုယ်တိုင်စည်းကမ်းချက်ချမှတ်ပြီး အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည် ဖြစ်သကဲ့သို့ သတ်မှတ်ထားသည့်  ညွှန်ကြားချက်များကိုလည်း တိကျစွာ လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ကိုယ်တိုင်လည်း လိုက်နာရမည်ဖြစ်ပြီး အများပြည်သူကိုလည်း စနစ်တကျလိုက်နာနိုင်ရေး စေတနာအမှန်ဖြင့် နှိုးဆော်တိုက်တွန်းရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

ယခုကဲ့သို့ COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်တုန့်ပြန်ရေးကို  ခက်ခက်ခဲခဲ ဆောင်ရွက် နေကြရသည့်အချိန်တွင်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခု တံခါးတစ်ချပ်ဖြစ်သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် မိမိတို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်မှု တစ်ခုဖြစ်သည်ကို ပြောကြားလိုပါကြောင်း။

 ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါကြောင်း၊ ထိုရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်အရွေးခံကြရမည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစွာဖြင့် အောင်မြင်ချောမွေ့စွာ ပြီးစီးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလိုက်နာပြီး  ပြည်သူများအားလုံးနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်  လိုအပ်ပါကြောင်း၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ဖြစ်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ တာဝန်ရှိသည် မဟုတ်ဘဲ ပြည်သူများအားလုံးနှင့်အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီးများ အားလုံးက ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပူးပေါင်းပါဝင် ကြရမည်ဖြစ်ပါကြောင်း။

 ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ လုပ်ငန်းများအတွက် ပြီးစီးကြောင်းအစီရင်ခံစာ ပေးပို့တင်ပြထားသည်မှာ ၁၀၃ မြို့နယ်သာ ရှိသေးပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအနေဖြင့် သတ်မှတ်ရက်အတွင်း ပေးပို့ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့်  ကျန်ရှိသည့် ပိုလျှံရန်ပုံငွေများကိုလည်း  ငွေတိုက်ဦးစီးဌာနသို့ အချိန်မီ ပြန်လည်အပ်နှံကြရန် ဖြစ်ပါကြောင်း။     

မိမိတို့  ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသား ပြည်သူများ အကျိုးစီးပွား အတွက်ဆိုပါက သစ္စာရှိရှိတာဝန်သိသိဖြင့် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအစွဲများမထားရှိဘဲ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ကုန်လွန်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော် သက်တမ်းကာလ အတွေ့အကြုံများအရ လွှတ်တော် ကိုယ်စားလှယ်များ၏ ကြိုးစားအားထုတ်မှု၊ လေ့လာမှုနှင့် တည်ငြိမ်ရင့်ကျက်မှု၊  အပြန်အလှန် နားလည်ခွင့်လွှတ်မှုနှင့် စိတ်ရှည်သည်းခံမှုတို့သည် မိမိတို့၏ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ တိုးတက်အောင်မြင်ရန် အတွက် မည်မျှအထိ အရေးကြီးသည်ကို အားလုံးသိရှိကြမည်ဖြစ်ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ပေးနိုင်ကြပါစေဟု အလေးအနက် ဆန္ဒပြုမှာကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကျင်းပပြီးစီးပြီ ဖြစ်ပါကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။

အောင်ရဲသွင်၊ အေးအေးသန့်