Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်အမှာစကား

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်အမှာစကား

 

ဒီနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ United Nations Office on Drugs and Crime- UNODC၊ United Nations Development Programme- UNDPနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုလို Covid-19 ကပ်ရောဂါ ဖြစ်ပေါ်နေတဲ့ကာလမှာ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့အသိုက်အဝန်းအတွင်း ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနည်းတူ မိမိတို့မြန်မာနိုင်ငံကလည်း Online မှတစ်ဆင့် ကျင်းပ နိုင်ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မိမိတို့ရဲ့နိုင်ငံတော်ကြီးကို တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီးအဖြစ် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆောက်ရေးခရီးကြမ်းကို ပြည်သူလူထုအခြေပြုနည်းလမ်းများဖြင့် လျှောက်လှမ်းလျက်ရှိကြတဲ့ လက်ရှိအခြေအနေမှာ နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေတဲ့ အဂတိလိုက်စားမှု ပြဿနာဟာလည်း ဦးစားပေးဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ ပြည်ထောင်စုလွှတ်တော်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဉပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး၂၀၁၄ ခုနှစ်၊  ဖေဖော်ဝါရီလ ၂၅ ရက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်းကိုလည်း ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေးနိုင်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာမှာ ပိုမိုထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်စေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေများကို စတုတ္ထအကြိမ်အထိ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ ဒီလို ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ခဲ့ တဲ့အတွက် ကော်မရှင်ဟာ တံစိုးလက်ဆောင် ယူသူရော၊ ပေးသူပါ မည်သူမဆိုကို အရေးယူနိုင်ခြင်း၊ ပြည်သူ့ ဘဏ္ဍာရန်ပုံငွေ ဆုံးရှုံးမှုအချို့ကို အကာ အကွယ်ပေးလာနိုင်ခြင်း၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လုပ်ငန်းဆိုင်ရာကျင့်ဝတ် ချမှတ်ကျင့်သုံးရေး စတင်ဆောင်ရွက်နိုင်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်း စာများကို အခြေခံပညာမူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် နိုင်ခြင်းစသည့် မြန်မာနိုင်ငံ တစ်ဝန်းလုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရေရှည်မဟာ ဗျူဟာစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လမ်းပွင့်စေခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာ သည့် နှစ်ပတ်လည် အစီရင်ခံစာများကို လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး ခြင်းဖြင့် အများပြည်သူကို သိရှိစေပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ်ကာလမှာ နိုင်ငံအတော်များများကို ပျက်စီးယိုယွင်းစေတဲ့ အခြေခံ ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လူအများက အဂတိလိုက် စားခြင်းဆိုတာကို လာဘ်စားခြင်းတစ်ခုတည်းဟုသာ အမြင်မှား၊ အသိမှား နေတတ်ကြပြီး အမှန်တကယ်တော့ အဂတိတရားလေးပါးဖြစ်တဲ့ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိနဲ့ ဘယာဂတိ အားလုံး ပါဝင်သက်ဆိုင်ပါတယ်။

ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းနဲ့ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းစဉ်များနဲ့ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အတွက် ဥပဒေပြုရေးမဏ္ဏိုင်ကိုယ်စား အသိအမှတ်ပြုကြောင်း လည်း ပြောကြားလိုပါတယ်။ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း များအနေနဲ့ သက်ဆိုင်ရာ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ကို လက်တွေ့ကျင့်သုံးမှု အခြေအနေများပေါ်မူတည်၍ အမြဲမပြတ်သုံးသပ်ပြီး အဂတိလိုက်စား နိုင်ခြေ ရှိ၊ မရှိ လေ့လာဆန်းစစ်မှု (Corruption Risk Assessment- CRA) ကို တာဝန်ရှိသူ အဆင့်ဆင့်က ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ကြဖို့ လိုက်အပ်ပါတယ်။

အားလုံး ပူးပေါင်းပါဝင်ပြီး အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးကို အလေးထား တိုက်ဖျက်ကြခြင်းဖြင့်  အဂတိလိုက်စားမှုကင်းစင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်စေနိုင်ပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ကိုပါ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာပါရှိတဲ့ ရည်မှန်းချက်ပန်းတိုင် ၁၇ ခုထဲက ပန်းတိုင် ၁၆ ခုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရဲ့ အရေးပါမှုကို ထင်ရှားစွာ သတ်မှတ်ဖော်ပြထားပါတယ်။

 မိမိတို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုရင်  ငြိမ်းချမ်းသာယာပြီး အားလုံးပါဝင်တဲ့ လူမှုအဖွဲ့အစည်းများမြှင့်တင်ရေး၊ တရားမျှတမှုကို လက်လှမ်းမီနိုင်စွာ ဖော်ဆောင်နိုင်ရေးနဲ့ အဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုရှိရေးစတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံ လုပ်ငန်းစဉ်များမှာ အာလုံးပါဝင် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှစပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ “အဂတိ ဖယ်ခွာ ပြည်သာယာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမိနိုင်ငံတော် ငြိမ်းချမ်းသာယာစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြတဲ့ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ ပြည်သူလူထုတစ်ရပ်လုံး အဂတိလိုက်စားမှု အကျင့်ဆိုးကို ဝိုင်းဝန်းပြု ပြင်တိုက်ဖျက်ပြီး အဂတိကင်းစင်တဲ့ လူ့ဘောင်ကို အတူတကွ ထူထောင်ကြပါစို့လို့ အလေးအနက် ဆန္ဒပြုတိုက်တွန်းအပ်ပါတယ်။