Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်ကျေးရွာများရှိ ဒေသလိုအပ်ချက်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မုဒုံ     သြဂုတ်     ၃၀

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းကျေးရွာများရှိ  ဒေသလိုအပ်ချက်များကို ယမန်နေ့ နံနက် (၁၀)နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြ​သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်း ဆရာတော်အား သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကာ ကမာအုပ်ကျေးရွာနှင့် ဝဲကလိကျေးရွာတို့တွင် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ညောင်ကုန်း-ဝက်တဲ-ကျုံဖိုက်ကျေးရွာ ချင်းဆက်လမ်းအဆင့် မြှင့်တင်နိုင်ရေးနှင့်ဝက်တဲအင်းပြန်လည်တူးဖော်နိုင်ရေးတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကော့ပရံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ဆောင်သစ် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများနှင့်  အဆိုပါ ကျေးရွာတွင် မီးသတ်စခန်း ဆောက်လုပ်ရန် မြေနေရာ အားကြည့်ရှု၍  ဘလောက်-ညောင်ဝိုင်းကျေးရွာ၊ ကတုံးပေါ်ကျေးရွာသို့ သွားသော မော်တော်ကားလမ်းခင်းထားမှု  အ​ခြေနေများတို့ကို တာဝန်ရှိသူများနှင့် လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်ညွှန်မှာကြားခဲ့ပြီး ကော့ပရံကျေးရွာရှိ ရွာဦးကျောင်းဆရာတော် နှင့်ကတုံးပေါ်ကျေးရွာကျောင်း ဆရာတော်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ 

အောင်မျိုးသူ(မုဒုံ)