မုံရွာ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တိုင်း/ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ဒေါနခြံ Quarantine Center တွင် မုံရွာမြို့ပေါ်ရှိ ဂရုဏာမြင့်မိုရ်၊ ရုံးကြီးလူငယ်၊ ဒေဝဂတိ၊ စိတ္တသုခ၊ ဇနသုခ၊ ဖြူစင်မေတ္တာ၊ သုခဟိတ၊ မြို့သစ်လူငယ်၊ Rescue ၊ ရာသက်ပန် စသည့် ကျန်းမာရေး လူမှုကူညီရေးအသင်းအဖွဲ့(၁၀)သင်းအား ကိုဗစ်-၁၉ရောဂါ တာဆီး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်လျက်ရှိသည့် ကျန်းမာ ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် Mask (၁၅၀၀)ခု၊ PPE ဝတ်စုံ (၅၀)စုံ၊ N-95 (၅၀)ခု၊ Glasses (၅၀) တို့ကို လည်းကောင်း၊ အလှူရှင် ဦးမျိုးဝင်း+ဒေါ်မြမြဝင်း(သီဟသုဓမ္မသိင်္ဂီ)မှ PPE ဝတ်စုံ (၂၂၀)စုံ၊ N-95 (၁၀၀၀)ခုနှင့် လိုအပ်သောအသုံးအဆောင်ပစ္စည်းများအဖြစ် စကားပြောစက်(၂၀)လုံး၊ ပိုးသတ် ဆေးပုံး(၅)ပုံးတို့အပြင် ဒေါနခြံရပ်ကွက် Quarantine Center သို့ အဲယားကွန်း (၈)လုံး၊ ရေပူရေး အေးစက်(၁)လုံး စုစုပေါင်း တန်ဖိုးငွေကျပ်(၁၀၅)သိန်းတို့ကိုလည်းကောင်း၊ DENKO ကုမ္ပဏီမှ လည်း ကျန်းမာရေး လူမှုကူညီရေးအသင်းအဖွဲ့(၁၀)သင်း၏ မော်တော်ယာဉ်များအတွက် လိုအပ်သော ဓာတ်ဆီဖိုးအဖြစ် ငွေကျပ် သိန်း(၃၀)ကိုလည်းကောင်း တာဝန်ရှိသူများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေါနခြံရပ်ကွက် Quarantine Centerအတွင်း ကန့်သတ် စောင့်ကြည့် နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)