နေပြည်တော် ဖေဖော်ဝါရီ ၁၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဝါးအလယ်ကျွန်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ် လန်ပိကျွန်းရှိ မကြုံဂလက် ဆလုံတိုင်းရင်းသားကျေးရွာသို့ သွားရောက်၍ ဒေသခံဆလုံတိုင်းရင်းသားများနှင့်တွေ့ဆုံပြီး လန်ပိကျွန်းနှင့် ပတ်ဝန်းကျင်ဒေသသည် ဆလုံတိုင်းရင်းသားများ၏ လူနေမှုနှင့်ယဉ်ကျေးမှုဓလေ့များ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ သဘာဝတောတောင်များဖြင့် သာယာလှပသောနေရာ တစ်ခုဖြစ်ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ပြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြရန် မှာကြားကာ ဆလုံတိုင်းရင်းသား အိမ်ထောင်စုများနှင့် ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီ၊ စာသင်ကြားမှု အထောက်အကူပြုပစ္စည်းများနှင့် ကျေးရွာစာကြည့်တိုက်တည်ထောင်နိုင်ရေးအတွက် အလှူငွေများပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ် ဂျလန်းကျွန်းရှိ အရှေ့တိုင်း ပုလဲကုမ္ပဏီနှင့် စိန့်လုခ်ကျွန်းရှိ မြန်မာအန်ဒါမန်ပါးလ်ကုမ္ပဏီသို့သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူမှုနှင့် ဝတ်ဆံသွင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပုလဲထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် မုတ်ကောင်သားဖောက်ခြင်းမှ ပုလဲဖော်ခြင်းအထိ လုပ်ငန်းစဉ်အလိုက် အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် မုတ်ကောင်သားဖောက်ရှင်သန်မှုမြင့်မားစေရေး၊ ဝတ်ဆံမြဲမုတ်ကောင်ရာခိုင်နှုန်း တိုးတက်လာစေရေး၊ ဖော်ယူရရှိသောပုလဲများ၏ အရည်အသွေးမြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်