Skip to main content

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၁)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွဲ့ချုပ်အနေဖြင့် ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီ အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျ ရွေးချယ်၍ နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲများကို စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရှိပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြင်းစီးအားကစားလောက တိုးတက်မြင့်မားစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်