Skip to main content

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ဒုတိယနေ့ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများ၏ ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲ၏ ဒုတိယနေ့အပြီး Tour Pro ဆင့်ပြိုင်ပွဲတွင် ဘိုဘို (HAN Golf Masters) က နှစ်ရက်ပေါင်း ရိုက်ချက် ၁၃၉ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ငါးချက်လျော့ရိုက်ကာ ပထမ၊ နိုင်နိုင်လင်း၊ လွင်မိုး၊ မျိုးဝင်းအောင် (PMA Association)၊ သိန်းနိုင်စိုး (HAN Golf Masters)၊ မျိုးမင်းအောင် (Ramber) တို့က နှစ်ရက်ပေါင်း ရိုက်ချက် ၁၄၁ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် သုံးချက်လျော့ရိုက်၍ ဒုတိယအဆင့်တို့တွင်လည်းကောင်း၊ SeniorPro အဆင့်တွင် မင်းနိုင်က သတ်မှတ်ရိုက်ချက်ထက် ၁၀ ချက်လျော့ရိုက်ပြီး ၆၂ ချက်ဖြင့် ပထမ၊ စိုးကျော်ကျော်နိုင် (Taylormade) က သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျော့ရိုက်ပြီးချက် ၇၀ ဖြင့် ဒုတိယ၊ ဇော်လင်းက ၇၂ ချက်ဖြင့် တတိယတို့တွင်လည်းကောင်း အသီးသီးဦးဆောင် ကစားလျက်ရှိသည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်ဂေါက်ကလပ် (တညင်းကုန်း) တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်