Skip to main content

တရုတ်ဘာသာစကားပြော HSK-2 သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် နိုင်ငံခြားဘာသာစကားစွမ်းရည်များ မြင့်မားလာစေရန်ရည်ရွယ်၍ တရုတ်ဘာသာစကားပြော HSK-2 သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်ဘာသာစကားပြော HSK-2 သင်တန်းကို ဝန်ထမ်းများအတွက် သုံးလကြာဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဝန်ကြီးဌာနမှဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရေးအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများကိုလည်း စေလွှတ်တက်ရောက်စေလျက်ရှိကြောင်း၊ တရုတ်ခရီးသွားများအနေဖြင့် အရှေ့တောင်အာရှဒေသ၊ ဥရောပ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့ကို အများဆုံးလည်ပတ်ကြပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းဈေးကွက်ကိုရရှိနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း ဗီဇာဖြင့် အများဆုံးလာရောက်လည်ပတ်ခဲ့သည့် ပြည်ပခရီးသွား ဧည့်သည်ရောက်ရှိမှုစာရင်းတွင် တရုတ်ခရီးသွားဧည့်သည် ရောက်ရှိမှုသည် ထိပ်ဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ တရုတ်ခရီးသွားဈေးကွက်သည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် အလားအလာရှိသော ခရီးသွားဈေးကွက်ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသား ဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သော ဘာသာစကားများ၊ ဘာသာရပ်များဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ကြီးက တရုတ်ဘာသာစကားပြော HSK-2 သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှုနှင့် သင်တန်းထပ်မံဖွင့်လှစ်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဖူးကျင့်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းနှင့် သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ ထူးချွန်ဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်