Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပကာရီကျေးရွာ၏ အရှေ့တောင်ဘက် အကြောင်းမဲ့လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ မြို့/ ရွာ၊ လူနေရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ သေဆုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။