နေပြည်တော် ဖေဖော်ဝါရီ ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များသာမက ဘာသာရေးနှင့်သက်ဆိုင်သော ဘုန်းကြီးကျောင်းများနှင့် အလှူအတန်းမင်္ဂလာပွဲများကိုလည်း နှောင့်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
ယနေ့တွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှာက်မှုလုပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ထိုသို့အသက်ငယ်ရွယ်သော ကလေးသူငယ်များပါမချန် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။