နေပြည်တော် မတ် ၁၃
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့အား (၁၇) ကြိမ်မြောက် ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇမဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုတော်မူသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ စေတီတော်လိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ကျင်းပရာ ဆရာတော်ကြီးများအား ဗုဒ္ဓါဘိသေကအနေကဇာတင်မည့်နေရာသို့ ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်ကြပြီး ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။
ယင်းနောက် ကုသိုလ်တော်မင်္ဂလာဆည်းပူးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်ကို နာယူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြကြောင်း သိရသည်။
သတင်းစဉ်