နေပြည်တော် မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နေပူကန်ကျေးရွာရှိ နေအိမ် ၈၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စလင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ကျေးရွာများအတွင်း တရားမဝင် ခိုအောင်းနေထိုင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်/ကျေးရွာများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန် သတင်းများအား လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။