နိုင်ငံ၏အနာဂတ်ကို ပုံဖော်တည်ဆောက်မည့်သူများသည် ယနေ့လူငယ်များဖြစ်ရာ လူငယ်များစွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့် ပြည့်စုံကြရန်လိုသည်။ သို့ဖြစ်ရာ လူငယ်များ လူတော်လူကောင်းများ ဖြစ်လာစေရေးအတွက် လူငယ်ကဏ္ဍမြင့်မားလာစေရန် အဘက်ဘက်မှ မြှင့်တင်ပေးရန်လိုသည်။
ယခုအချိန်သည် အခြေခံပညာကျောင်းသားကျောင်းသူများ၏ နွေကျောင်းပိတ်ရက်ကာလဖြစ်ရာ စာသင်ချိန်ရပ်နားထားသည့် ကာလဖြစ်သည့်အလျောက် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုသင်တန်းအမျိုးမျိုးတို့ကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ကို တွေ့ရသည်။ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီအခြေခံသင်တန်း၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ရေကူး၊ ကြက်တောင်၊ စားပွဲတင် တင်းနစ် စသည့်အားကစားအခြေခံသင်တန်းများ၊ ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်၊ တရုတ် စသည့်ဘာသာစကားအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ကျောင်းသူကျောင်းသားများ၏ တစ်နှစ်တာစာပေသင်ကြားခဲ့မှုများနှင့် ကြိုးစားအားထုတ်ခဲ့ရမှုများအတွက် နွေကျောင်းပိတ်ရက်များသည် အနားယူအပန်းဖြေ ရန်လိုအပ်သကဲ့သို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးချနိုင်ကြရန်လည်းလိုသည်။
ယဉ်ကျေးလိမ္မာသင်တန်းများသည် ကျောင်းသူကျောင်းသားကလေးငယ်များ၏ မိသားစုပြင်ပလူမှုအသိုက်အဝန်းနှင့် ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း၊ ဘာသာရေးဆိုင်ရာဓလေ့ထုံးတမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း အသိအမြင်များတိုးပွားပြီး ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာစေမည်ဖြစ်သည်။ ပန်းချီ၊ ဂီတအပါအဝင် အနုပညာသင်တန်းများသည် ကလေးများ၏ စိတ်ကူးနှင့် အနုပညာဖန်တီးမှုကို အထောက်အကူပြုနိုင်ပြီး စိတ်နှလုံးနူးညံ့သိမ်မွေ့စေနိုင်သည်။ အားကစားနှင့်ကိုယ်ခံပညာ သင်တန်းအမျိုးမျိုးက ကလေးများ၏ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးမှု၊ မိမိကိုယ်ကိုယုံကြည်မှုနှင့် ကိုယ့်အားကိုယ်ကိုးလိုသည့် စိတ်ဓာတ်တို့ကိုမြှင့်တင်ပေးနိုင်သည်။ ကွန်ပျူတာအခြေခံသင်တန်းများသည် နည်းပညာခေတ်အတွက် မဖြစ်မနေတတ်မြောက်ကြရမည့် အတတ်ပညာ၊ နည်းပညာများဖြစ်ပြီး အင်္ဂလိပ်စာ၊ စကားအပါအဝင် အခြားဘာသာစကားသင်တန်း အမျိုးမျိုးတို့မှာ နိုင်ငံတကာသို့သွားလာဆက်ဆံရာတွင် လက်တွေ့အသုံးဝင်ကြမည်ဖြစ်သည်။
အားလပ်ချိန်များ လိုအပ်သည်ထက်ပိုမိုများပြားခြင်းက မလိုလားအပ်သည့် သွေးဆောင်မှုများနောက်သို့ လိုက်ပါသွားစေနိုင်သည်။ အထူးသဖြင့် အင်တာနက်လူမှုကွန်ရက်များကဲ့သို့သော အကောင်းနှင့်အဆိုးတို့ ဒွန်တွဲရောပြွမ်းနေသည့်အရာများက လူငယ်များကို လမ်းမှားတစ်ခုခုဆီသို့ ရောက်ရှိသွားစေနိုင်သလို အန္တရာယ်တစ်စုံတစ်ရာလည်း ဖြစ်ပေါ်စေနိုင်သည်။ ကျောင်းနေအရွယ်လူငယ်များအား လမ်းကောင်းလမ်းမှန်ကို ရွေးချယ်ညွှန်ပြနိုင်သူများမှာ အဓိကအားဖြင့် လက်ဦးဆရာများဖြစ်သည့် မိခင်နှင့်ဖခင်တို့ပင်ဖြစ်သည်။ နွေကျောင်းပိတ်ရက်များသည် မိဘများနှင့်သားသမီးများ အနီးကပ်ဆုံတွေ့သည့်ကာလဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးပြင်းရင့်ကျက်လာသည့် မိမိတို့၏ရင်သွေးများကို မိဘများက ပြန်လည်အကဲဖြတ်နိုင်သည့်ကာလဖြစ်သလို ၎င်းတို့၏ လိုအပ်ချက်၊ အားနည်းချက်များတွေ့ရှိပါက ဖြည့်ဆည်းပေးနိုင်သည့်အချိန်ဖြစ်သည်။
နွေကျောင်းပိတ်ရက်သင်တန်းများသည် ကလေးများ၏ ဝါသနာနှင့်ကိုက်ညီရာ သင်တန်းများတွင် တက်ရောက်သင်ယူခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပြီး လမ်းမှားသို့ရောက်ရှိသွားစေနိုင်သည့် ဆွဲဆောင်မှုများမှကင်းဝေးစေနိုင်သည်ဖြစ်ရာ မိဘများက အားပေးပို့ဆောင်နိုင်ကြစေလိုသည်။ ဘက်စုံဖွံ့ဖြိုးသည့်လူငယ်များ၏စွမ်းအားသည် ၎င်းတို့၏ အနာဂတ်အတွက်ရော နိုင်ငံ၏အနာဂတ်အတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်သည့်အလျောက် မိဘအုပ်ထိန်းသူများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရပါမည့်အကြောင်း။ ။