Skip to main content

အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု အရှိန်အဟုန်ဖြင့် ဖော်ထုတ်တိုက်ဖျက်

မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသော ဒုစရိုက်ဂိုဏ်းများကို နိုင်ငံတကာနှင့်ပူးပေါင်းပြီး ဒုစရိုက်မှုနှိမ်နင်းရေးအသွင်ဖြင့် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ အဆိုပါဒုစရိုက်လုပ်ငန်းများအခြေအနေကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရပေသည်။

အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ပမာဏကြီးထွားနေခြင်းသည် အွန်လိုင်းပေါ်မှ ငွေကြေးအကျိုးအမြတ်ကြီးမားစွာရရှိနေခြင်း၊ မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများရှိ ပြည်သူများအား အွန်လိုင်းပေါ်မှလွှမ်းခြုံ၍ သားကောင်အဖြစ် ဖမ်းယူနိုင်ရန်ဆောင်ရွက်ကြခြင်းကြောင့် ပမာဏကြီးမားများပြားလာခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှုင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံအရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများအသီးသီးမှ တရားမဝင် ဝင်ရောက်လာကြသည့် အထူးသဖြင့် ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့စဉ်နှင့်အမျှ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်ကို တွေ့မြင်နေရသည်။

အလားတူ မြဝတီမြို့ - မင်းလက်ပံနှင့် KK Park နယ်မြေများသို့ နယ်စပ်ဒေသ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြသည့် ပြည်ပနိုင်ငံသားများကိုလည်း ထပ်မံစိစစ်ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက အထောက်အထားအချက်အလက်မှန်ကန်သော ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားများနှင့် စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၆၀၁၅ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် ၃၂၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၀၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ရှိနေပြီဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူရန် ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးတို့ကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို နယ်စပ်ဒေသများတွင် တက်တက်ကြွကြွ ထိထိရောက်ရောက် ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မိမိတို့နယ်မြေဒေသများအလိုက် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် အခြားဒုစရိုက်မှုလုပ်ငန်းများ မရှိစေရေးအတွက် ရှာဖွေဖော်ထုတ်ခြင်း၊ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ တရားမဝင်အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများသည် အကျင့်စာရိတ္တပျက်ပြားသည့် ကြီးမားကျယ်ပြန့်သော ဒုစရိုက်မှုများဖြစ်သည်။ အဆိုပါ ဒုစရိုက်မှုများကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများသာမက အခြားနိုင်ငံများရှိ ပြည်သူများပါ လိမ်လည်လှည့်ဖြားခံရပြီး ဆင်းရဲဒုက္ခအမျိုးမျိုး ရောက်စေနိုင်သည့်အပြင် သက်ဆိုင်ရာနိုင်ငံများ၏ပုံရိပ်ကိုပါ ကျဆင်းစေနိုင်သဖြင့် ယခုထက်ပိုမို၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် တိုက်ဖျက်နိုင်ရန် အမျိုးသားရေးအသွင်ဖြင့် အားလုံးပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။