Skip to main content

တနင်္သာရီငါးလုပ်ငန်းသုတေသနရန်ပုံငွေဖြင့် ခရုကမာ စမ်းသပ်သားဖောက်မွေးမြူ သုတေသနပြု

နေပြည်တော် မတ် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၁၆ ရက်တွင် မြိတ်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာန၌ တနင်္သာရီငါးလုပ်ငန်းသုတေသနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခရုကမာ စမ်းသပ်သားဖောက်မွေးမြူခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခဌာနမှူးက ခရုညို၊ စားကမာ၊ ချင်းခရုဖြူ၊ ခရင်းကမာတို့ကို စမ်းသပ်သားဖောက်ခဲ့သော နည်းစနစ်များနှင့် အသားတိုးမွေးမြူသောနည်းစနစ်များကို သုတေသနပြုလုပ်ခဲ့မှု၊ ခရုကမာမွေးမြူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့မှု၊ သုတေသနစာတမ်းပြုစုပြီးစီးမှုနှင့် စားကမာ မွေးမြူထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မွေးမြူရေး ရေလုပ်ငန်းထွက်ကုန်ပစ္စည်းများမှ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေတိုးတက်ရရှိစေရန်၊ ရေနေသတ္တဝါဆိုင်ရာ မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးတို့အတွက် သုတေသနလုပ်ငန်းများဖြင့် အကျိုးပြုနိုင်ရေး တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး စားကမာမွေးမြူထားရှိမှုနှင့် စားကမာ အစာသုတေသနပြုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုန်ရှိ ဗဲင်(န်)တေ့(ချ်) ကုမ္ပဏီလီမိတက်၊ ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်နှင့် ထူးထူးတိုးကုမ္ပဏီလီမိတက်တို့၏ ငါးအမှုန့်ကြိတ်စက်ရုံများ၏ ပါကေးငါး(ကုန်ကြမ်း)များ ရေရှည်ရရှိနိုင်ရေးအတွက် လုပ်ဆောင်ထားမှုနှင့် ငါးအမှုန့်ကြိတ်လုပ်ငန်း၏ ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ငါးအမှုန့်ကြိတ်လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်