Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပျဉ်းမနားဘူတာနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနေရာများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၂

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနား ဘူတာယာဒ်ဝင်းနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနေရာများ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်မွမ်းမံနေသည့် လုပ်ငန်းခွင်နေရာများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ပျဉ်းမနားဘူတာသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရထားလက်မှတ်ရောင်း အဆောက်အအုံပြိုကျပျက်စီးနေမှုကို လိုအပ်သည့် ပြန်လည်မွမ်းမံမှု ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။

ယင်းနောက် ဘူတာယာဒ်ဝင်း ထိန်းသိမ်းခြင်းဆိုင်ရာ အဆောက်အအုံပြိုကျပျက်စီးမှု၊ ယာဒ်ဝင်းအတွင်း ဓာတ်အားခွဲရုံပျက်စီးမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဘူတာတွင်းစာတိုက် အဆောက်အအုံ၊ လူကူးခုံးကျော် တံတားမွမ်းမံပြင်ဆင်ရန်လိုအပ်မှုတို့ကို စစ်ဆေးပြီး ရှေးဟောင်းအုတ်ကြွပ်အမိုးပြားများ စနစ်တကျသိမ်းဆည်းရေး၊ ဆယ်တင်ပစ္စည်းများ လေလွင့်မှုမရှိစေရေးတို့ကို မှာကြားသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဘူတာ ရထား လမ်းခွဲ/လမ်းကူးများ ထိန်းချုပ်သည့် စနစ်အား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများ၊ အငြိမ်းစားယူခဲ့ပြီးသော ဝန်ထမ်းဟောင်းများ၊ ဌာနနှင့် လုပ်ငန်းဆက်စပ်ဆောင်ရွက်နေသည့် ပညာရှင်များအား ဖိတ်ခေါ်စုစည်းတိုင်ပင်၍ အကောင်းဆုံးနည်းလမ်းကို ဖော်ထုတ်ပြီး လက်တွေ့ဆောင်ရွက်သွားနိုင်ရေး လိုအပ်ချက်များကို မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိ မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပင်မရုံး အဆောက်အအုံပျက်စီးမှုကြောင့် လုပ်ငန်းသုံးပစ္စည်းများ ယာယီရွှေ့ပြောင်းနေရာချထားပြီးစီးမှု အခြေအနေ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Data Center Farm တည်ဆောက်နေမှုလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လူ၊ ပစ္စည်းနှင့်စနစ်တို့ လုံခြုံမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဂရုပြုဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ တည်ဆောက်အသုံးပြုရေးတို့ကို မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးရုံး၊ ရုံးအမှတ် ၅ နှင့် ရုံးအမှတ် ၂ တို့၏ နယ်နိမိတ်များအတွင်း ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် ဘာရှာအဆောက်အအုံများ ဆောက်လုပ်ရန်မြေနေရာများ ရွေးချယ်လျက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်