Skip to main content

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဧပြီ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ယာယီကျောင်းဆောင်များ တည်ဆောက်နိုင်ရေးကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငလျင်ဒဏ်မခံရသော တက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ်၏ တိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ တိုးတက်ရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဝန်ကြီးဌာနအနေဖြင့် လွန်စွာဝမ်းနည်းရပါကြောင်း၊ ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်၍ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဇွန် ၂ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် အိပ်ဆောင်များသန့်ရှင်းရေး ဆောင်ရွက်ကြရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရုံးများ၊ ကျောင်းများတွင် သတ်မှတ်ထားသော ဝတ်စုံများကို ဝတ်ဆင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည့် စာစစ်ဌာနများတွင် ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ဦးစီးဌာနအလိုက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်