နေပြည်တော် ဧပြီ ၂၈
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများသို့ နိုင်ငံတော်အစိုးရအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ဆေးဝါးများကို နေ့ရက်အလိုက် မြန်မာနိုင်ငံသို့ ပေးပို့လျက်ရှိသဖြင့် နိုင်ငံတော်နှင့် ပြည်သူများက ကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလား ဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူကီယဲ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဂျာမနီနှင့် ကမ္ဘောဒီးယားစသည့် နိုင်ငံပေါင်း ၂၆ နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှု အကူ အညီပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တူကီယဲစသည့် နိုင်ငံ ၁၃ နိုင်ငံတို့မှ ဆေးအကာအကွယ်အဖွဲ့များ ပူးတွဲပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၆ ဖွဲ့ လူဦးရေ ၁၀၇၀ နှင့် ရှာဖွေကယ်ဆယ်ရေး ခွေး ၃၈ ကောင်တို့ဖြင့် ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြေပြင်ကွင်းဆင်း၍ ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများအတွင်းသို့ ရောက်ရှိပိတ်မိနေကြသည့် ပြည်သူများအား နိုင်ငံအလိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ကယ်ဆယ်ရှာဖွေတွေ့ရှိခဲ့သည့် လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကယ်ဆယ်သည့်နေရာတွင်ပင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ရှာဖွေတွေ့ရှိ
ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်မှုကြောင့် အသက်ရှင်ကျန်ရစ်သူ ၆၅၃ ဦးနှင့် Dead body ၇၇၈ ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
ကုသပေးနိုင်ခဲ့
ထို့ပြင် နိုင်ငံတကာဆေးအဖွဲ့များအနေဖြင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ သီရိလင်္ကာ၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အိန္ဒိယ၊ လာအို၊ နီပေါ၊ စင်ကာပူ၊ ဂျပန်နှင့် မလေးရှားစသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဆေးအဖွဲ့ ၂၈ ဖွဲ့၊ အဖွဲ့ဝင်စုစုပေါင်း ၁၁၅၂ ဦးတို့က ပြင်ပလူနာ ၂၉၂၀၆ ဦး၊ အတွင်းလူနာ ၉၅၇ ဦးနှင့် ခွဲစိတ်လူနာ ၁၀၈၄ ဦးတို့ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။
ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ စွမ်းစွမ်းတမံဆောင်ရွက်ချက်များ၊ ပြည်တွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းအားလုံး၏ အများအကျိုးအတွက် နေ့မအား ညမနား သက်စွန့်ကြိုးပမ်းပါဝင်ကူညီဆောင်ရွက်ချက်များကို နိုင်ငံတော်နှင့် မြန်မာပြည်သူပြည်သားများက လေးနက်စွာ အသိအမှတ်ပြု၍ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ