Skip to main content

ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးလျက်ရှိ

နေပြည်တော် ဧပြီ ၂၈

ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးဖယ်ရှားနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်စိတ်တစ်ဒေသ အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများကို ထောက်ပံ့ပေးလျက်ရှိသည်။

ထိုသို့ ထောက်ပံ့ပေးခဲ့ရာ ငလျင်ဒဏ်သင့်ဒေသများဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအတွက် ငွေကျပ် ၁၀ ဘီလီယံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ဘီလီယံ ၅၀၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ်ဘီလီယံ ၆၀ နှင့် ရှမ်းပြည်နယ်အတွက် ငွေကျပ်ငါးဘီလီယံတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနက နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးများသို့ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေထောက်ပံ့မှုများကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများက ငလျင်ဒဏ်သင့်ဒေသများ၌ ပျက်စီးသွားခဲ့သည့် ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်ဇရပ်များ၊ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် အခြားပြိုကျပျက်စီးခဲ့သော အဆောက်အအုံများမှ ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အပြင် ပြည်သူလူထုအတွက် လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းတို့ကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး ကနဦးအသုံးပြုနိုင်ရန်အတွက် ထုတ်ပေးထားရှိကြောင်း သိရသည်။

သတင်းစဉ်