ရွှေဘို နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့နံနက်(၁၀)နာရီက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ အထက်တန်းကျောင်း(ခွဲ)ရှိ မဲရုံ၊ သီးလုံးကျေးရွာ အလယ်တန်းကျောင်း(ခွဲ) မဲရုံ၊ ဇီးကုန်းကျေးရွာ အလယ်တန်းကျောင်း မဲရုံနှင့် အုတ်ရှစ်ကန်ကျေးရွာအုပ်စု သပြောကျေးရွာ အမကကျောင်းမဲရုံ စသည့်ကျေးရွာ(၄)ရွာရှိ မဲရုံများတွင် အသက်(၁၈)နှစ်ပြည့်ပြီးသော မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ မဲရုံများ၌ ဆန္ဒမဲပေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မိဘပြည်သူများအတွက် စိတ်ချမ်းမြေ့လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန်ပေးအပ်ထားသော ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများ ပြောကြားကာ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားမကူးစက်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံး စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးကြစေရေးနှင့် မဲရုံများလုံခြုံစေရေးအတွက် အထူးသတိထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို (တိုင်းဒေသကြီး-ပြန်/ဆက်)