Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၇

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့ဝင်အမျိုးသား ၉ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် AA အဖွဲ့ဝင်နှင့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့မှ AA အဖွဲ့ဝင်အမျိုးသား ၉ ဦးနှင့် မအူပင်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဇလွန်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင် ဖယ် ၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၅ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၃ သိန်းစီပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးရာ အလင်းဝင်ရောက်လာသူများ၏ မိသားစုဝင်များကိုယ်စား ဖခင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။      AA မှာနေတဲ့အခါကျတော့ အိမ်နဲ့လည်း အဆက်အသွယ်မရဘူး။ ဖုန်းလည်းမပြောရဘူး။ ပြီးတော့ အစားအသောက်လည်း မကောင်းဘူး။ မကောင်းတဲ့ အခါကျတော့ မနေချင်ဘူး။ တစ်လလာလို့လည်း မမြင်ရ၊ တစ်နှစ်နေလို့လည်း မတွေ့ရတဲ့အခါ စိတ်ပျက်လာတယ်။ နေတာထိုင်တာ စားတာသောက်တာတွေ ဘဝတွေကကြမ်းတမ်းတယ်။ တစ်ခါတလေကျရင် ရွှံ့တွေ၊ ဗွက်တွေမှာလည်း အိပ်ရတယ်။ နောက်ပြီး ခြင်တွေကိုက်တယ်။ အဲဒါနဲ့မနေချင်တာနဲ့ နောက်ကို ပြန်ပြီးတော့ဆင်းတယ်။ ဆင်းတာနဲ့သူတို့က ကျွန်တော့်ကိုဖမ်းတယ်။ ဖမ်းပြီးတော့ချုပ်ထားတယ်။ ချုပ်ထားတော့ ကျွန်တော်လည်း အချုပ်ထဲမှာ မနေချင်ဘူး။ သူတို့လက်အောက်ထဲမှာ AA တွေအထဲမှာ မနေချင်ဘူး။ မနေချင်တာနဲ့ ကျွန်တော်က ဖောက်ပြီးတော့ ပြေးလာခဲ့တယ်။ ထမင်းတွေလည်း အသိုးတွေ။ တစ်ခါတလေကျရင်စားမရလို့ ပစ်လိုက်ရတယ်။ ငါးခြောက်ဆို တစ်ကောင်သုံးကောင်ပဲပါတယ်။ တစ်ခါတလေကျ ဘာမှမပါဘူး။ ဆားဖြူးပြီးတော့ စားရတယ်။ ကြာလာတော့ စိတ်ပျက်လာတယ်။ အဲဒီအဖွဲ့အစည်းထဲမှာ မနေချင်တော့ဘူး။ အဲဒါနဲ့ကျွန်တော်အလင်းဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

၂။       ကျွန်တော် PDF ထဲဝင်ရောက်တာကျတော့ ကရင်ပြည်နယ်ကနေစပြီးတော့ ဝင်သွားတာပါ။ ကရင်ပြည်နယ်ကနေ ဝင်ပြီးတော့ ကျွန်တော်စစ်ကိုင်းကို သွားရပါတယ်။ ကျွန်တော်တို့ စစ်တိုက်တာကအစ သူတို့ဘက်ကနေပြီးတော့ လုပ်ဆောင်ချက်တွေလွဲတယ်။ ကျွန်တော်တို့ကို နိုင်ထက်စီးနင်းလုပ်တာတွေလည်းပါတယ်။ နောက်အစားအသောက်ကအစ လူပါးဝပါတယ်။ အခုစစ်တိုက်တယ်ဆိုရင်လည်း ကျွန်တော်တို့ PDF တွေက ပထမစည်းမှာ စစ်တိုက်ရပါတယ်။ ကင်းစောင့်မယ်ဆိုရင်လည်း ကျွန်တော်တို့ PDF တွေကိုပဲ စောင့်ခိုင်းပါတယ်။ သူတို့ AA တွေကျတော့ မစောင့်ပါဘူး။ သူတို့ကနောက်မှာပဲ နေပါတယ်။ အကြောင်းရှိလို့ရှိရင် ကျွန်တော်တို့ စက်ပေါက်ပြီးတော့ ဒီမှာဒဏ်ရာရလို့ ဘာလို့လှမ်းခေါ်လို့ရှိရင်လည်း မင်းတို့ ဘာမင်းတို့ဆုတ်လာခဲ့ ငါတို့တက်လို့မရဘူး အဲဒီလိုပြောပါတယ်။ မှန်တယ်အောက်မေ့လို့ ကျွန်တော်ဝင်ခဲ့မိတယ်။ ဒါပေမယ့် မှန်မှမမှန်တာ။ သူတို့ရဲ့လမ်းစဉ်က မမှန်တော့ ကျွန်တော်တို့က ဆုံးဖြတ်တယ်။ ကျွန်တော်တို့ ဒီ ၁၇ ယောက်ပြေးတယ်။ ဒီမှာအလင်းလာဝင်ပြီဆိုလို့ရှိရင်လည်း ငါတို့နှစ်ယောက်ကလက်နက်ပါမှဖြစ်မယ်။ ကျန်တဲ့သူတွေကတော့ အချုပ်ထဲမှာ။ အချုပ်ဖောက်ပြေးကြပါတယ်။ အချုပ်ဖောက်ထွင်းပြီးတော့ အားလုံးကိုခေါ်လာပါတယ်။ ခေါ်လာတော့ ဒီရောက်တော့ ဘယ်ရောက်လို့ ရောက်နေမှန်းတောင် မသိဘူး။ မသိတော့ ဘယ်သူ့ကိုမှလည်း မဆက်သွယ်ရဲဘူး။ အဲဒီတော့ ကျွန်တော်တို့ကအမှန်အတိုင်း ပြောရရင် ယူနီဖောင်းတွေဝတ်ထားတဲ့ ဟာမျိုးကိုပဲ ဆက်သွယ်ရဲပါတယ်။ အဲဒီတော့ အဲဒါမျိုးတွေတွေ့မှပဲ ပြောမယ်ဆိုပြီးတော့ ကျွန်တော်တို့ တောလမ်းအတိုင်းပဲ လျှောက်လာတယ်။ လျှောက်လာတော့ ကျွန်တော်တို့ကိုဆက်သွယ်ပေးတော့ ကျွန်တော်တို့ မြန်အောင် ခလရ (၅၁)မှာ အလင်းဝင်ခဲ့ပါတယ်။ အခုဒီမှာ ပြန်ရောက်တော့ ကျွန်တော်တို့ဘဝမှာ ရေခဲရေသောက်လိုက်ရတာတောင် တော်တော်အကောင်းဆုံးဖြစ်နေပါတယ်။ ကျွန်တော်တို့က မထင်ထားဘူးပေါ့နော်။ ကျွန်တော်တို့ကိုတွေ့တာနဲ့ ကျွန်တော်တို့ကို သတ်မယ်လို့ပဲထင်ထားတာ။ ဒါပေမယ့် ကျွန်တော်တို့ထင်သလို မဟုတ်ပါဘူး။ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ပဲ အားလုံးကကြိုဆိုကြပါတယ်။ စပြီးကျွန်တော်တို့ကို လာခေါ်ကတည်းက ညီလေးမင်းတို့ ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေးနေ ညီလေး။ မင်းတို့အဆင်ပြေ အောင်လုပ်ပေးမယ်။ အနီးစပ်ဆုံးနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် အစ်ကိုကြီးတို့ လုပ်ပေးမယ်လို့ ပြောပါတယ်။ အားပေးစကား/ အားရှိစကားပဲ ကျွန်တော်တို့ကိုပြောပါတယ်။ ဒါတွေကို တွေ့ရတော့ ကျွန်တော်တို့အနေနဲ့ ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ကျွန်တော်တို့ထင်ထားတာနဲ့ တလွဲတွေဖြစ်နေတယ်။ ကျွန်တော်တို့နေရာ၊ ကျွန်တော်တို့ဒေသကိုလည်း ပြန်ပို့ပေးတော့မယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့ မိဘတွေလည်းခေါ်လို့ရတယ်။ ကျွန်တော်တို့ နှစ်နဲ့ချီပြီးတော့ မမြင်ရ၊ မတွေ့ခဲ့ရတာကို အဆက်အသွယ်ရခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်ကြီးကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အမှားကို ကျွန်တော် တို့သိပြီးတော့ အလင်းလာဝင်တယ်။ ဝင်တဲ့အချိန်မှာ ကျွန်တော်တို့မိဘတွေနဲ့ ပေးတွေ့တဲ့အချိန်မှာ ဝမ်းလည်းဝမ်းသာတယ်။ ဒီလိုဆက်သွယ်ပေးတဲ့ တပ်မတော်ကိုရော ဆရာကြီးအကုန်လုံးကိုရော ကျွန်တော်တို့က အထူးပဲကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

သတင်းစဉ်