ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စတင်ကျင်းပနေပြီဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၅၄ မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဟုသိရပြီး မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်အချိန်ယူလေ့ကျင့်ထားပြီးဖြစ်၍ အားကစားနည်းအလိုက် အောင်မြင်မှုများရရှိလိမ့်မည်ဟု ယုံကြည်သည်။
မြန်မာအားကစားမောင်မယ်များအနေဖြင့် “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံ” ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့် အောင်နိုင်လိုစိတ်များအပြည့်ဖြင့် စတင်ယှဉ်ပြိုင်နေကြပြီဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများနှင့်ဒေသအသီးသီးမှ မြန်မာနိုင်ငံသားများက မြန်မာအားကစားအဖွဲ့များအောင်နိုင်ရေးအတွက် တစ်ခဲနက်အားပေးနေကြပြီဖြစ်သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် အဆင့်အတန်းအမြင့်မားဆုံးအားကစားပြိုင်ပွဲဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ အားကစားစွမ်းရည်သည်လည်း ဒေသတွင်းနိုင်ငံများကြား၌ အလားအလာကောင်းများ ရှိထားပြီးဖြစ်သည်။
မြန်မာအားကစားစိတ်ဓာတ်မြင့်မားလာမှု၊ အားကစားကဏ္ဍကို နိုင်ငံတော်က အားပေးမြှင့်တင်ပေးမှု၊ အားကစားသမားများ၏ ခြေစွမ်းခြေစနှင့် အရည်အသွေးများ မြင့်မားလာမှုတို့ကြောင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှသည် အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ တစ်စတစ်စတက်လှမ်းနိုင်ရေး မျှော်မှန်းကြိုးပမ်းသွားကြ ရန်လိုပေသည်။ အားကစားပြိုင်ပွဲဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ကြိုးပမ်းအားထုတ်မှုများနှင့် စည်းလုံးညီညွတ်မှုကို တရားမျှတစွာဖြင့် ထုတ်ဖော်ပြသောပြိုင်ပွဲဖြစ်သည်။ ထိုသို့ ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် မိမိတို့၏အောင်မြင်မှုများနှင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြင့်မားတိုးတက်စေမည့်ခံယူချက်တို့ဖြင့် ကြိုးပမ်းယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
အမိမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားအားလုံးတို့၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော ပြိုင်ပွဲများဖြစ်၍ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိမည်ဟူသည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပါဝင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ခေတ်အဆက်ဆက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အာရှအားကစားပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများက အောင်မြင်မှုသရဖူ၊ အောင်မြင်မှုရွှေတံဆိပ်များကို ဆောင်ကြဉ်းရယူပေးခဲ့ကြသည့် အားကစားသမိုင်းအစဉ်အလာကောင်းများလည်း ရှိပြီးဖြစ်သည်။ နိုင်ငံတော်က အောင်ပွဲရအားကစားသမားများအား စဉ်ဆက်မပြတ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီးဖြစ်သလို အားကစားတွင်အောင်မြင်မှုများအတွက် နိုင်ငံတော်နှင့် နိုင်ငံသားများက ဂုဏ်ယူမဆုံးရှိခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားမောင်မယ်များသည် အားကစားနည်း ၁၉ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆု ၂၁ ဆု၊ ငွေတံဆိပ်ဆု ၂၅ ဆု၊ ကြေးတံဆိပ်ဆု ၆၈ ဆု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ဆုရရှိခဲ့သည်။ ယခု (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၈ မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်နေကြပြီဖြစ်ရာ ယခင်အကြိမ်ကထက် အားကစားနည်းများကို ပိုမိုတိုးတက်ယှဉ်ပြိုင်နိုင်ကြပြီဖြစ်၍ ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများ ပိုမိုရရှိပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ၏ ဂုဏ်ကို ပိုမိုမြှင့်တင်ပေးနိုင်လိမ့်မည်ဟုယုံကြည်သည်။ အထူးသဖြင့် အောင်မြင်မှုများ ရရှိနေပြီဖြစ်သည့် အားကစားတွင် အထင်ရှားဆုံးအားကစားနည်းဖြစ်သည့် မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအားကစားနည်းဖြင့် မြန်မာ့အားကစားဂုဏ်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့လက်ရွေးစင်အားကစားသမားများကို အသက် ၆၀ ပြည့်သည့်အချိန်မှစ၍ သက်ရှိထင်ရှားရှိနေသမျှကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများတွင်လည်း နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဘွဲ့၊ တံဆိပ်အမျိုးမျိုးတို့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။ ထိုကဲ့သို့ ချီးမြှင့်ထောက်ပံ့ပေးမှုများကြောင့် မြန်မာ့အားကစား၏ ဂုဏ်သရေသည် တက်နေအလား ထွန်းလင်းလာသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ယခုကျင်းပပြုလုပ်လျက်ရှိသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နေကြသည့် အားကစားမောင်မယ်များအနေဖြင့် နိုင်ငံတော်အတွက် ဆုတံဆိပ်များဆွတ်ခူးပေးပြီး အားကစားလူချွန်လူကောင်းများဖြစ်သည်ကို ရေကုန်ရေခန်းကြိုးစားယှဉ်ပြိုင်၍ လက်တွေ့ပြသကြပြီး နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု နိုင်ငံသူ နိုင်ငံသားအားလုံးက မျှော်လင့်လျက်ရှိပါကြောင်း။ ။
