Skip to main content

ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှုကြောင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချရန် သီးနှံအာမခံစနစ် ပေါ်ပေါက်စေရေး ခေါင်းစဉ်ဖြင့် (၅၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်း ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုကြောင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချရန် သီးနှံအာမခံစနစ် ပေါ်ပေါက်စေရေးခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သီးနှံအာမခံစနစ်ဆိုသည်မှာ တောင်သူများ အတွက်သာမက စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံ့စီးပွားတည်ငြိမ်ရေးအတွက်ပါ မဖြစ်မနေဖော်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရိတ်သိမ်းခါနီးအချိန်တွင် မမျှော်လင့်ထားသည့် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် သီးနှံများ ပျက်စီးသွားပါက တောင်သူများ ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးများ ဆုံးရှုံးစေရုံသာမက တောင်သူတစ်ဦးချင်းစီ၏ မိသားစုဘဝကို ထိခိုက်စေပြီး နိုင်ငံတော်၏ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် (Value Chain) တစ်ခုလုံးကိုပါ ထိခိုက်စေပါကြောင်း၊ ရာသီဥတုပြောင်းလဲဖြစ်စဉ်များကြောင့် သီးနှံအထွက်နှုန်းနှင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချနိုင်ရေးကို ထိရောက်စွာ ဖြေရှင်းနိုင်စေရန် တောင်သူများအတွက် နိုင်ငံတကာအသိအမှတ်ပြုသည့် သီးနှံအာမခံစနစ်ကို ထားရှိစေခြင်း ဖြစ်ပါကြောင်း။

သီးနှံအာမခံစနစ်ကို ကြိုတင်ကာကွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုအဖြစ် စနစ်တကျ အကောင်အထည်ဖော်သွားကြရန်နှင့် သဘာဝဘေးကြောင့် သီးနှံပျက်စီးသည့်အခါ တောင်သူများအနေဖြင့် ထိုက်သင့်သည့် လျော်ကြေးငွေကို ပြန်လည်ရရှိစေပြီး နောက်တစ်ရာသီအတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် အရင်းအနှီးရရှိစေ မည်ဖြစ်ပါကြောင်း၊ သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များက သီးနှံများ၏ အထွက်နှုန်းကွာဟချက် (Yield Gap) အပေါ် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၏ သက်ရောက်မှုများ၊ သီးနှံအာမခံစနစ်နှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုကြောင့် တောင်သူများအပေါ် ထိခိုက်မှုလျှော့ချရန် လိုက်လျောညီထွေဖြစ်စေသော အလေ့အကျင့်များ၊ သီးနှံအာမခံစနစ် အမျိုးအစားများ၊ သီးနှံအာမခံထားရာတွင် ပါဝင်သင့်သည့် အချက်များနှင့် သတိပြုရမည့်အချက်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် တောင်သူများ၏ ထိခိုက်မှုလျှော့ချရန် ကိုင်တွယ်ဖြေရှင်းခြင်း နည်းဗျူဟာများ(Copping Strategies)၊ သုတေသနရလဒ်များအရ သီးနှံအာမခံစနစ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ တောင်သူများ၏ သိမြင်မှုနှင့် သဘောထားများ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် သီးနှံများကို တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်အခါ သီးနှံအာမခံစနစ်၏ အရေးပါမှုများ၊ မြန်မာနိုင်ငံအတွင်းရှိ တောင်သူများ သီးနှံအာမခံစနစ် ကျင့်သုံးမည်ဆိုပါက ရရှိမည့်အကျိုးကျေးဇူးများ၊ ကြုံတွေ့နိုင်သောအခက်အခဲ၊ စိန်ခေါ်မှုနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာကြသူများ၊ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်သည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်