ရန်ကုန်မြစ်ကိုဖြတ်ကျော်ကာ ရန်ကုန်မြို့လယ်ဧရိယာနှင့် မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့တို့ကို ဆက်သွယ်ပေးထားသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီးကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ လေယာဉ်ပျံမပေါ်သေးမီ ပင်လယ်ကူးသင်္ဘောကြီးများဖြင့် ကမ္ဘာအနှံ့သွားလာခဲ့ကြရသည့် ခေတ်အခါက မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် မျက်နှာစာဖြစ်ခဲ့သော ရန်ကုန်မြစ်နှင့် ရန်ကုန်ဆိပ်ကမ်းရှုခင်းမြင်ကွင်းတွင် ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးက အထင်ကရအမှတ်အသား (Landmark) တစ်ခုအဖြစ် လှပစွာ ပေါင်းစပ်ပါဝင်လာသည်။
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့က ခေတ်မီမြို့အဖြစ် ပြန်လည်တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့၏ သက်တမ်းမှာ နှစ်ပေါင်း ၁၇၀ ကျော်ခဲ့ပြီဖြစ်ပြီး မြို့သက်တမ်းတစ်လျှောက် ပြောင်းလဲတိုးတက်လာခဲ့သော်လည်း မျက်နှာချင်းဆိုင်မြစ်တစ်ဖက်ကမ်းတွင် တည်ရှိနေသည့် ဒလမြို့မှာမူဖွံ့ဖြိုးမှုနှေးကွေးလျက် ရန်ကုန်နှင့်သိသာစွာ ခြားနားနေခဲ့သည်။ အင်္ဂလိပ်ခေတ်ရှေးဟောင်းသင်္ဘောကျင်းတည်ရှိရာ ဒလမြို့မှ ရန်ကုန်မြို့သို့ ကူးသန်းသွားလာနိုင်ရန် ကူးတို့ရေယာဉ်များ၊ စက်တပ်သမ္ဗန်များကို အဓိကအားထားခဲ့ကြရသည်။ ဒလသည် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့များနှင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး စသည့် ဧရာဝတီတိုင်းဒေသကြီး အောက်ပိုင်းရှိမြို့များ၊ ကမ်းခြေဒေသများသို့ ကားလမ်းများ ဆက်စပ်တည်ရှိနေရာ ယခုကဲ့သို့ ရန်ကုန်မြစ်ကူးတံတားကြီးကို တည်ဆောက်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် ရန်ကုန်မြို့မှ အဆိုပါမြို့များသို့ မော်တော်ယာဉ်ဖြင့် တစ်ဆက်တစ်စပ်တည်းသွားလာနိုင်ကြပြီဖြစ်သည်။
လမ်း၊ တံတား စသည့်အခြေခံအဆောက်အအုံများမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ အဆင့်အတန်းပိုမိုကောင်းမွန်မြင့်မားလာစေရေးအတွက် အရေးပါသည်။ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အကြီးအကဲက အမှာစကားပြောကြားရာတွင် “ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များထဲမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်စေရန် ပထဝီနှင့် သဘာဝအတားအဆီးဖြစ်သည့် မြစ်/ချောင်းနေရာများတွင် တံတားများတည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပြဒေသများသာမက ဝေးလံခေါင်ပါးသည့် ဒေသများပါမကျန် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာတွင် နိုင်ငံ့စီးပွားကောင်းမွန်မြင့်မားသည်နှင့်အမျှ အရှိန်အဟုန်မြင့်မားစွာ အကောင်အထည်ဖော်နိုင်သည်ဖြစ်ရာ မိမိတို့နိုင်ငံသားများအားလုံး ဇွဲလုံ့လဝီရိယအားမာန်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ အခြားတစ်ဖက်တွင်လည်း တည်ဆောက်ပြီးစီးသမျှတို့ မပျက်စီးမဆုံးရှုံးမှသာလျှင် နောက်ထပ်အသစ်အသစ်တို့ တည်ဆောက်နိုင် မည်ဖြစ်သည့်အလျောက် မပျက်မစီးစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လိုသည်။ ပြည်တွင်းဒေသအချို့တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများတွင် ဧရာဝတီမြစ်ကူးတံတားကြီးမှအစ လမ်းတံတားများစွာ၊ ဆက်သွယ်ရေးတာဝါတိုင်များစွာ၊ လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များစွာတို့ကို အကြမ်းဖက်အဖျက်သမားများက ဖျက်ဆီးခဲ့ကြရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆုံးရှုံးစေသကဲ့သို့ ပြည်သူလူထုအတွက်လည်း များစွာထိခိုက်နစ်နာစေသည်။ နိုင်ငံအတွက် မရှိမဖြစ်အရေးပါသော အခြေခံအဆောက်အအုံများကို မဖြစ်မနေပြန်လည်ပြင်ဆင်တည်ဆောက်ကြရမည်ဖြစ်ရာ နောက်ထပ်တည်ဆောက်မှုများ၊ ပြည်သူအတွက် ဝန်ဆောင်မှုများ စသည်တို့ကို ဆိုင်းငံ့ရခြင်း၊ လျှော့ချရခြင်းတို့ ပြုရသည့်အတွက် အဖျက်လုပ်ရပ်တို့ကို ဆန့်ကျင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ နိုင်ငံတိုးတက်ရေးဆောင်ရွက်မှုများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ကြခြင်းနှင့်အတူ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းကမ်းတကျအသုံးပြုကြရန်၊ ပြောင်းလဲတိုးတက်လာသည့် မြို့ပြအင်္ဂါရပ်များနှင့်အညီ မိမိတို့၏ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားတိုးတက်လာကြစေရေး မြို့ပြနေပြည်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန် မြန်မာ့အလင်းက နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။
