Skip to main content

မျိုးစေ့ပြပွဲ ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁

Seed Fair 2026 (မျိုးစေ့ပြပွဲ-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ကျင်းပရာ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မျိုးစေ့ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က Seed Fair 2026 (မျိုးစေ့ပြပွဲ-၂၀၂၆) ကို ဖဲကြိုးဖြတ်ပြီး မျိုးစေ့အမျိုးပေါင်း ၂၀၊ မျိုးစေ့ပေါင်း ၅၀၀၀၀ ပူးတွဲချည်နှောင်ထားသည့် မိုးပျံပူပေါင်းများကို လွှတ်တင်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၁၈၆၅၁ သင်းကိုဖွဲ့စည်းထားရှိပြီး ၉၃၂၇၉၈ ဦးအတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေအပါအဝင် သမဝါယမအသင်းပိုင်ငွေများဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီး ဟင်းရွက်စိုက်ဧကပေါင်း ၁၆၀၅၈၁၂ ဧကကို စိုက်ပျိုးထုတ်လုပ်နိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ နေပြည်တော်၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်နယ် ၁၁ ခုမှ မြို့နယ် ၂၁ မြို့နယ်တွင် မျိုးစေ့ထုတ်သမဝါယမအသင်း ၃၁ သင်းကို ဖွဲ့စည်းထားပြီး မျိုးစေ့ထုတ်စိုက်ဧရိယာ ၁၈၃၅ ဧကတွင် သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ထုတ်သမဝါယမအသင်းများမှ အသင်းသား တောင်သူ ၁၅၄၉ ဦးကို မျိုးကောင်း မျိုးသန့်များနှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ (ပုလဲ၊ ကွန်ပေါင်း)၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုနှင့်ညီမျှသော ငွေများကို နိုင်ငံတော်ကသီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တောင်သူများ အရင်းအနှီးပိုမိုတောင့်တင်း လာစေရေးနှင့် ဈေးကွက်ခိုင်မာရေးအတွက် မျိုးစေ့ထုတ်သမဝါယမအသင်းများက ထွက်ရှိသော မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများအား ရောင်းချပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများကို သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊ တောင်သူဦးကြီးများအနေဖြင့်လည်း မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲကြရန် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၆ သည် မျိုးစေ့ထုတ်လုပ်သူများ၊ သုတေသနပညာရှင်များနှင့် လယ်သမားများအကြား ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများကိုအသုံးချပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးတောင်သူများအပြင် ပါဝင်ပတ်သက်သူအားလုံး အချင်းချင်းအတွေ့အကြုံဖလှယ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ကွဲပြားခြားနားသော ရာသီဥတုရေမြေ အခြေအနေစုံလင်သည့် မိမိတို့မြန်မာနိုင်ငံတွင် ဒေသအလိုက် ကောင်းစွာဖြစ်ထွန်းပြီး အရည်အသွေးစံချိန်စံညွှန်းနှင့်ကိုက်ညီသော မျိုးစေ့များထုတ်လုပ်နိုင်ရေးသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားကြရန် ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက Seed Fair 2026 ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆)တွင် ခင်းကျင်းပြသထားသော ပြခန်းများနှင့် စိုက်ပျိုးပြသထားသော သီးနှံစိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

တောင်သူလယ်သမားအခွင့်အရေး အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ “တောင်သူလယ်သမားများ သွင်းအားစု(မျိုးစေ့)များကို လွယ်ကူအဆင်ပြေစွာရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံဆောင်ရွက် ရန်” ပြဋ္ဌာန်းချက်နှင့်အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ကျင်းပသည့် “မျိုးစေ့ပြပွဲ ၂၀၂၆”ကို အဋ္ဌမအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း၊ “မျိုးစေ့ပြပွဲ ၂၀၂၆” ကို အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲမှုမြင့်မားလာစေရေး၊ မျိုးစေ့သုံးစွဲသူများနှင့် မျိုးစေ့ထုတ်လုပ်သူများအကြား ဆက်နွှယ်မှုကွန်ရက်ပိုမိုကောင်းမွန်စေရေးနှင့် မျိုးစေ့ကဏ္ဍတွင် Public-Private Partnership (PPP) ပိုမိုကောင်းမွန်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိကြောင်း၊ မြေဧရိယာ ၂၈ ဧကပေါ်၌ လယ်ယာသီးနှံ ၁၀ မျိုး၏ မျိုးပြား ၉၁ မျိုး၊ ဟင်းသီးဟင်းရွက်သီးနှံ ၂၄ မျိုး၏ မျိုးပြား ၅၃ မျိုးတို့အပြင် ပြခန်းများအနေဖြင့် ဌာနနှစ်ခုနှင့် ကုမ္ပဏီ ၃၄ ခုတို့ ခင်းကျင်းပြသမည်ဖြစ်၍ တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူများအားလုံး အားပါးတရလေ့လာနိုင်မည်ဖြစ်ပြီး သိရှိလိုသည်များကို စိုက်ကွင်းအလိုက် ပညာရှင်ဝန်ထမ်းများက ဖြေကြားပေးမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံအတွင်း အသင်းစုပိုင်မြေပေါ်တွင် ရုရှားနေကြာမျိုးများဖြစ်သည့် MAKHAON KLP (မက်ဟွန်)မျိုး၊ VULKAN( ဗော့ကန်)မျိုး၊ IPPOLIT (အိုင်ပေါ်လစ်)မျိုး သုံးမျိုးကို တစ်မျိုးလျှင် ငါးဧကနှုန်းဖြင့် စုစုပေါင်း ၁၅ ဧက စိုက်ပျိုးထားရှိမှု၊ အသားတိုးကြက်အကောင်ရေ ၄၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်