ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဆိုသည့်အတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်။
အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ပါအချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များတွင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဧပြီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်တွေ့ဆုံဂါရဝပြုခဲ့သည်။ ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံအား အပြုသဘောဆောင် အကောင်းမြင်သည့်မိတ်ဆွေနိုင်ငံများက လာရောက်တွေ့ဆုံကြဦးမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်က နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ် တက်ရောက်စေခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူလူထုတို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အလေးအနက်ထားကြောင်း ပြသခြင်းပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည်ဟု ယုံကြည်လက်ခံထားသည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ နိုင်ငံအပေါ် ဆက်လက်ရပ်တည် ထောက်ခံဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည်။ အေးအတူပူအမျှ အသိုက်အဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံမှုတည်တံ့ခိုင်မြဲရေးကိုလည်း စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အစည်းသဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် အာဆီယံအသိုက်အဝန်းတို့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးချယ်သည့်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းလျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ အစဉ်အလာမပျက် ဆက်ဆံနေထိုင်လျက်ရှိသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတို့တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကတိကဝတ်များပြုခဲ့ကြသည်။
သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာနှင့်ပါ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆက်ဆံဆောင်ရွက်မှုများကို ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။
