နေပြည်တော် မေ ၉
ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂၉၂ ဒသမ ၅ သိန်း၊ ကလေးဝမြို့၌ ငွေကျပ်သိန်း ၁၂၀ ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးသက် (ခ) ဝင်းကို (၄၆) နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မယဉ်ဝင်းမြိုင် (ခ) မကြီး (၄၂) နှစ် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၂ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် ဦးသက် (ခ) ဝင်းကိုနှင့် မယဉ် ဝင်းမြိုင် (ခ) မကြီးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မေ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးဝမြို့ အမှတ် (၂) ရပ်ကွက် အောင်မင်္ဂလာလမ်းတွင် ကလေးဝမြို့နယ် အုန်းပင်စုရွာနေ စိုးလင်း မင်း (၂၃) နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀) ဖမ်းဆီးရမိသဖြင့် စိုးလင်းမင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူ မေ ၇ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက် မန္တလေးလမ်းနှင့် စစ်တွေလမ်းထောင့်တွင် လမ်းလျှောက်လာသူ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ လှိုင်မျိုးကျော် (ခ) ကျော်ကြီး (၃၈) နှစ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀) ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၀) ထပ်မံသိမ်းဆည်းရမိသဖြင့် လှိုင်မျိုးကျော် (ခ)ကျော် ကြီးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
