Skip to main content

၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့်လူရည်ချွန်စခန်း (ချောင်းသာ)နှင့် ဧကာဒသမတန်းလူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းအောင်ပွဲ ကျင်းပ

နေပြည်တော် မေ ၁၀

၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့်လူရည်ချွန်စခန်း (ချောင်းသာ) စခန်းသိမ်းအောင်ပွဲကို မေ ၈ ရက်ညပိုင်းတွင် အဆိုပါစခန်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/ မယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းသိမ်းအောင်ပွဲ အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့်ဧည့်သည်တော်များက လူရည်ချွန်မောင်မယ်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဧကာဒသမတန်းလူရည်ချွန်စခန်း (ငွေဆောင်) စခန်းအောင်ပွဲသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းသိမ်းအောင်ပွဲ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများထံသို့ လူရည်ချွန်စခန်း (ငွေဆောင်) စခန်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူးက အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ လူရည်ချွန်မောင်မယ်များက လူရည်ချွန်စခန်း (ငွေဆောင်) စခန်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူးထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ငွေဆောင်ဟိုတယ်ဇုန်လုပ်ငန်းအသင်းက လူရည်ချွန်မောင်မယ်များထံသို့ အမှတ်လက်ဆောင်ပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များနှင့်အတူ ဂုဏ်ပြုညစာများ အတူတကွသုံးဆောင်ကြပြီးနောက် မီးပုံပွဲအား မီးညှိဖွင့်လှစ်ပေးကာ လူရည်ချွန်မောင်မယ်များနှင့်အတူ မီးပုံပွဲတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။