Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

မြန်မာ့စီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ ဒီနေ့အစီအစဉ်မှာ မြန်မာ့စီးပွားရေး မှာ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကိုအသုံးပြုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိရန်နဲ့ နည်းပညာကို အသုံးပြုပြီး ဝန်ဆောင်မှုလုပ်ငန်းတွေကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ဗဟုသုတတွေ မျှဝေပေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီ အစဉ်ကနေ ကြိုဆိုပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးကြမည့်သူတွေက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်တို့ ဖြစ်ပါတယ်။ ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတော်အနေနဲ့ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်တည်းက စီမံကိန်းတွေ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလနှောင်းပိုင်းမှာ လည်း CERP လို့ခေါ်တဲ့ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခုလက်ရှိ MERRP လို့ ခေါ်တဲ့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်သွားဖို့ ရှိနေတယ် လို့ သိထားပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆရာဦးဝေဖြိုးက ဆွေးနွေးပေးစေလိုပါတယ်။

ဦးဝေဖြိုး ။ ။ MERRP က အစိုးရကနေ ကိုဗစ်ကာလနဲ့ ကိုဗစ်ကာလအလွန် စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ရေးဆွဲထားတဲ့ စီမံကိန်းလို့ ကျွန်တော်တို့ သိရှိရပါတယ်။ MERRP ကို မြန်မာလို ဘာသာပြန်မယ်ဆိုရင် မြန်မာစီးပွားရေး ထိခိုက် မှု တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်လို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရပါတယ်။ ဒီအချိန်မှာ စီမံကိန်းကို နိုင်ငံတော်အစိုးရအနေနဲ့ အချောသပ်ရေးဆွဲ နေတဲ့အဆင့်ပဲ ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် အချိန်မှာ ထုတ်ပြန်တော့မယ်လို့ ကျွန်တော်တို့ သိရှိရပါ တယ်။

အဲဒီတော့ စီမံကိန်းတွေ အများကြီးထဲမှာ နောက်တစ်ခု ထပ်လာပြီလားလို့ တချို့က မေးကောင်းမေးပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ MERRP က သီးခြား စီမံကိန်း မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ် အထိ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) မှာ အခြေခံတာပါ။

ဒီစီမံကိန်းကို အများပြည်သူတွေအနေနဲ့ MSDP ဆိုပြီး အတိုကောက် သိရှိပြီးသားဖြစ်မှာပါ။ MSDP ကို အကောင်အထည်ဖော်ဆောင်ရွက်နေတုန်းမှာပဲ ကိုဗစ် ကပ်ရောဂါကြီးက ဖြစ်သွားပါတယ်။ အဲဒီလို ဖြစ်တဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့က ဖြစ်ပေါ်လာတဲ့ လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှုများကို ချက်ချင်းလက်ငင်း သူက တုံ့ပြန်ရတယ်။ ကုစားနိုင်ရတယ်။ အဲဒီအတွက်ကြောင့်မို့ ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် ကိုရေးဆွဲပြီး အရေးပေါ်ထုတ်ပြန် ဆောင်ရွက်ခဲ့ရပါတယ်။ ဒီစီမံကိန်းကို အင်္ဂလိပ်လို CERP လို့ အတိုကောက် ခေါ်လို့ ရပါတယ်။

သူ့ရဲ့ သဘောသဘာဝက ချက်ချင်းဆောင်ရွက်တဲ့ ရေတိုစီမံကိန်း ဖြစ်ပါတယ်။ သူ့မှာ ပန်းတိုင်းခုနစ်ခု၊ မဟာ ဗျူဟာ ၁၀ ခုနဲ့ တည်ဆောက်ရေးသားထားတာပါ။ ဒါပေမယ့် သူ့ရဲ့ကန့်သတ်ချက်က အတော်များများ ဆောင်ရွက်ချက်တွေက ၂၀၂၀ ပြည့်နှစ် မကုန်မီမှာ ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့ ရည်ရွယ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ရေတိုကုစားရေး ဖြစ်နေလို့ ပါ။ ယခုအချိန်မှာဆိုရင် CERP မှာပါတဲ့ လုပ်ငန်းရပ် တော်တော်များများက ဆောင်ရွက်ပြီးစီးသွားပါပြီ။

ဒါကြောင့်မို့ ဒီအချိန်ကနေဆက်ပြီး အနာဂတ်ကို မြန်မာနိုင်ငံရဲ့ စီးပွားရေးပြန်လည်ဦးမော့ပြီး အရှိန်အဟုန် နဲ့ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် MERRP ကို ဆက်လက် အကောင်အထည်ဖော်ပြီး ဆောင်ရွက်သွားဖို့ ရည်မှန်းပါ တယ်။ MERRP မှာ အဓိကပန်းတိုင်ခြောက်ခု ရှိပါတယ်။ အဲဒီ ပန်းတိုင်ခြောက်ခုကို အနှစ်ချုပ်ပြီး တင်ပြရမယ်ဆိုရင် ပထမပန်းတိုင်က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ရှင်သန်အားကောင်းလာစေရန် စီးပွားရေးဝန်းကျင်ကို အားဖြည့်တင်းပေးတာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဝန်းကျင်က အားနည်းနေတယ်ဆိုရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေက ရှင်သန်နိုင်ခြင်း၊ တိုးတက် နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် အရင်ဆုံးစီးပွားရေး ဝန်းကျင်ကို အားကောင်းအောင် ဖြည့်တင်းပေးတာ ဖြစ်ပါ တယ်။

ဒုတိယပန်းတိုင်က ဖြည့်တင်းပြီးသွားပြီဆိုရင် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်တဲ့အခါမှာ ပုဂ္ဂလိကကဏ္ဍကနေ ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက် နိုင်ရန် အားပေးကူညီခြင်း ဖြစ်ပါတယ်။ တတိယပန်းတိုင်က အလုံးစုံပါဝင်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ စိုက်ပျိုးရေးကဏ္ဍကို အားပေးခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအခြေခံစီးပွားရေးဖြစ်တဲ့ အတွက်ကြောင့် စိုက်ပျိုးရေးကဏ္ဍသည် အင်မတန်အရေး ကြီးတဲ့အတွက်ကြောင့် တိုးတက်မှုကို အားပေးခြင်းဖြစ်ပါ တယ်။ စတုတ္ထပန်းတိုင်က ဘဏ္ဍာ ငွေကြေးကဏ္ဍတည်ငြိမ် မှုကို တွန်းအားပေးဆောင်ရွက်ခြင်းပါ။ ဒီဘဏ္ဍာငွေကြေး ရရှိနိုင်ခြင်း တည်ငြိမ်ခြင်းသည် အရေးကြီးတဲ့အတွက် ကြောင့်မို့ စီးပွားရေး ပြန်လည်ဦးမော့လာရန် အလွန်အရေး ကြီးတဲ့အချက်ဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာငွေကြေး ကဏ္ဍကို အစိုးရအနေနဲ့ အထူးဦးစားပေးပြီး တည်ငြိမ် အောင် အထူးတွန်းအားပေးသွားမှာ ဖြစ်ပါတယ်။

ပဉ္စမပန်းတိုင်က အလွန်အရေးကြီးပါတယ်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သားတွေအတွက် ပံ့ပိုးကူညီခြင်း ဖြစ်ပါတယ်။ ဆဋ္ဌမပန်းတိုင်က ကိုဗစ် ကြောင့် ထိခိုက်နိုင်မှု အရှိဆုံးအဖွဲ့အစည်းများအတွက် စီးပွားရေးရိုက်ခတ်မှုများကို တတ်နိုင်သရွေ့ သက်သာ စေရန်အတွက် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေအားလုံးကို ချိန်ဆပြီး ပြန်လည် ခြုံငုံ သုံးသပ်မယ်ဆိုရင် MSDP သည် နိုင်ငံတော်ရဲ့ တိုးတက်မှု လမ်းစဉ်မှာ သူကပင်မ မဟာဗျူဟာ ဖြစ်ပါတယ်။ CERP က ကိုဗစ်ကာလတွင် ရေတိုကုစားရေး စီမံကိန်းဖြစ်ပြီး အခုနောင်ထွက်မယ့် MERRP က ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ထားတဲ့ စီမံကိန်းဖြစ် ပါတယ်။

တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် MERRP ကို ဆောင်ရွက်ခြင်းဖြင့် MSDP မှာ ပါဝင်တဲ့ ရည်ရွယ်ချက်များ ကို ပိုမိုဆောလျင်စွာ အကောင်အထည်ဖော်နိုင်မယ်။ အောင်မြင်နိုင်မယ်လို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။

အစီအစဉ်မှူး ။ ။ အခုနိုင်ငံတော်က ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အကျဉ်းချုပ်လောက် သိရှိသွားပြီ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာပေါ်မှာ တစ်ခါမှ မဖြစ်ဖူးတဲ့၊ မကြုံဖူးတဲ့ရောဂါကပ်တစ်ခုဖြစ်ပြီး လူမှုရေးနဲ့ စီးပွားရေးတွေမှာ အတော်လေး ရိုက်ခတ်ခဲ့တာကို တွေ့ရ ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး လူတော်တော်များများကလည်း ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ်မနေ အသုံးပြုလာကြတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ဟာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်လာတာနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းသူရသက်အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာ ဟာ ကိုဗစ်ကာလအတွင်းမှာ ကျွန်မတို့ရဲ့ လူမှုစီးပွားဘဝ တွေမှာ ပြောင်းလဲမှုတွေ ဖြစ်စေတယ်ဆိုတာကို သုံးသပ် ပြောကြားပေးပါဦး။

ဒေါက်တာထွန်းသူရသက် ။ ။ ကိုဗစ်ကပ်ရောဂါ ဖြစ်တဲ့ ကာလမှာ ကျွန်တော်တို့ က Work from Home (WFH) ဆိုတဲ့ လူတွေက အိမ်က အလုပ်လုပ်ကြမယ်ဆိုတဲ့မူဝါဒတွေ လုပ်ငန်းတွေမှာ ရှိကြ ပါတယ်။ ခရီးသွားလာမှုတွေ ကန့်သတ်တယ်။ ထိတွေ့မှု တွေ ကန့်သတ်တဲ့အခါမှာ New Normal လို့ပြောတဲ့ ပုံမှန် အသစ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီပုံမှန်အသစ်တစ်ခုမှာ ကျွန်တော်တို့က အွန်လိုင်း (Online) အစည်းအဝေးတွေ လုပ်လာကြတယ်။

ကိုယ်တိုင်သွားရောက်တာ မဟုတ်ဘဲနဲ့ အွန်လိုင်းပေါ် ကနေ Zoom Meeting တွေ၊ Microsoft Teams တွေ၊ Google Meet တွေ အသုံးပြုလာပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ Online Shop တွေပေါ့နော်။ ဈေးဝယ်တာကို ကိုယ်တိုင်သွားဝယ်ခြင်းအစား အိမ်ကနေ အွန်လိုင်းမှာမယ်။ အိမ်ကို လာပို့တယ်ဆိုတဲ့ အပြောင်း အလဲတွေ ဖြစ်လာပါတယ်။ အကြမ်းဖျဉ်းအားဖြင့်ကြည့်ရင် ကျွန်တော်တို့ အပေါ်ယံအပြောင်းအလဲလို့ ပြောလို့ရပေမယ့် တချို့နေရာတွေမှာ အခြေခံကျတာကို တွေ့ရပါတယ်။

ကိုဗစ်ကာလပြီးတဲ့အခါမှာ အခြေခံကျတဲ့ပြောင်းလဲမှု တွေက ဆက်ပြီးရှိဦးမယ်လို့ ပြောတဲ့အတွက် the Next New Normal လို့ခေါ်တဲ့ နောက်လာမယ့် ပုံမှန်အသစ်လို့ လည်း ကျွန်တော်တို့က ကြိုပြီးမှန်းလို့ရပါတယ်။ အခု ကျွန်တော်တို့ ပြောင်းလဲသွားတဲ့ပုံစံတွေက ပြန်လည် ပြောင်းသွားမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ကိုဗစ်ကာလ ကျော်လွန်ပြီးတဲ့အခါ လူတွေက Work from Home တွေ ဆက်လုပ်ကြမယ်။ တချို့လုပ်ငန်းတွေက ဒီလိုမျိုး အိမ်ကနေ အလုပ်လုပ်တဲ့ပုံစံကို ရွေးချယ်ပြီး ဝန်ထမ်းတွေ ကို အထူးသဖြင့် မိသားစုမှာ ကလေးငယ်ရှိတဲ့ ဝန်ထမ်းတွေ ကို ဒီအခွင့်အရေး ပေးချင်ပေးကြမယ်။

အစည်းအဝေးတွေကလည်း သွားလာစရာ မလိုလို့ ရှိရင် အွန်လိုင်းကနေ ဆက်လုပ်သွားဖို့ရှိမယ်။ ထို့အတူပဲ Online Shop တွေ အပါအဝင် အဝယ်/ အရောင်းတွေက လည်း အွန်လိုင်းဖြစ်လာမယ်။ ဒါတွေကို ကျွန်တော်တို့ တွေ့ရပါတယ်။ တချို့လုပ်ငန်းတွေကျတော့ ဒီလိုအပေါ်ယံ အပြောင်းအလဲတွေအပြင် Online Meeting တွေ၊ Online Shopping တွေသာမက သူတို့ရဲ့ လုပ်ငန်းစဉ်တွေ (Processes) ကိုပါ စပြောင်းလာတာ တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကာလမှာ ယှဉ်ပြိုင်နိုင်မှု က အလွန်အရေးကြီးပါတယ်။ အားလုံးက ရပ်တည်ဖို့ အတွက် အလွန်ခက်ခဲတဲ့အခါ သူတို့မှာ ပေးစရာ ဘဏ် အကြွေးတွေရှိမယ်။ ရစရာ ပိုက်ဆံတွေရှိတယ်။ ပေးစရာ ပိုက်ဆံတွေရှိတယ်။ ဒီလုပ်ငန်းစဉ်တွေကို ပိုပြီးမှန်ကန် မြန်ဆန်တဲ့ နည်းစနစ်တွေ သုံးလာကြပါတယ်။ ဒါကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းလို့ ပြောပါတယ်။

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းလို့ ပြောတဲ့အခါ မှာ “အသွင်” ဆိုတာ အပေါ်ယံ မဟုတ်ပါဘူး။ အခြေခံကျတဲ့ အပြောင်းအလဲလည်း ပါပါတယ်။ ဒါက ပုံမှန်ကြည့်လို့ရှိရင် အဆင့် ၅ ဆင့် တွေ့ရပါတယ်။ ပထမတစ်ခုက Digital Awareness လို့ခေါ်တာကို သိဖို့လိုပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာကို သုံးလို့ရှိရင် အကျိုးရှိတယ်ဆိုတာကို သိဖို့ လိုတယ်။ နောက်တစ်ဆင့်က Digital Presence ၊ နည်းပညာတွေကို စမ်းသုံးကြည့်ဖို့လိုတယ်။ Facebook Page တွေရှိမယ်။ Google Map မှာ သူ့ရဲ့ ဆိုင်တွေကို ပုံဖော်တာဖြစ်မယ်။ WebSite ရှိမယ်။ အီးမေးလ်ရှိမယ်။ ဒါတွေရှိဖို့ လိုတာပေါ့နော်။

နောက်တစ်ဆင့်က ကျွန်တော်တို့အခေါ် Integration ပေါ့နော်။ သူက လုပ်ငန်းစဉ်တွေကို စပြီး နည်းပညာသုံးလာ တယ်။ အရောင်းတွေ/ အဝယ်တွေ ခုနကပြောတဲ့ Online Shopping ကို သူက ရောင်းချရတယ်။ စားသောက်ဆိုင်တွေ နဲ့ သူရဲ့ အစားအသောက်မှာဖို့အတွက်ကို ဖုန်းဆက်ပြီး မှာယူရုံတင်မကဘဲ ကျွန်တော်တို့က အွန်လိုင်းကနေမှာလို့ ရအောင်လုပ်ပေးတယ်။ နောက်အိမ်တိုင်ရာရောက် သယ်ယူ ပို့ဆောင်ပေးတယ်။ ဒီလိုအဆင့်တွေ ရောက်လာတယ်။

ဒါပြီးရင် Transformation ပေါ့နော်။ ဒါက ဘဏ်တွေ မှာရှိတယ်။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက ပြောင်းလဲသွား တယ်။ အသွင်ပြောင်းသွားတယ်။ နောက်ဆုံးအဆင့်က Innovation တီထွင်ဆန်းသစ်ခြင်းဆိုတဲ့ပုံစံ ဖြစ်ပါတယ်။ ဒီအဆင့်ဆင့်ကို ပြောင်းဖို့လိုတယ်။ ဘာကြောင့်ပြောင်းဖို့ လိုလဲဆိုတော့ အာဆီယံဒေသမှာ ဖြစ်ပါစေ။ အခု နောက်ပိုင်း ကျွန်တော်တို့အခေါ် RCEP (Regional Comprehensive Economic Partnership) လို့ခေါ်တဲ့ ဒေသတစ်ခုလုံးမှာ တံခါးဖွင့်စီးပွားရေးတွေ ကျင့်သုံးလာ ကြတဲ့အချိန် ပြိုင်ဆိုင်မှုက အရေးကြီးတယ်။ ကျွန်တော်တို့ က ကျွန်တော်တို့ရဲ့ စားသုံးသူတွေ၊ အသုံးပြုသူတွေ၊ ဝယ်ယူသူတွေကို တန်ဖိုးအများဆုံးပေးဖို့ လိုတယ်။ ကိုယ်က မပေးနိုင်ရင် ကိုယ့်ရဲ့ ပြိုင်ဘက်က အားသာ သွားမှာ ဖြစ်ပါတယ်။

ဒါကို ကျွန်တော်တို့က ပြိုင်ဆိုင်မှုတွေ စားသုံးသူတွေ အတွက် ကောင်းအောင်၊ ပြိုင်ဆိုင်မှု အား သာမှုတွေရှိအောင် လုပ်လာကြပါတယ်။ ဒါကို ကျွန်တော်တို့က တစ်ဆင့်ချင်း သွားမလားဆိုတော့ နိုင်ငံ့ခေါင်းဆောင်တွေလည်း ပြောပါ တယ်။ ကျွန်တော်တို့က အဆင့်ကျော်ပြီး ခုန်နိုင်ရင် အကောင်းဆုံးပဲ Quantum Leap လို့ ခေါ်ပါတယ်။ ဖြစ်နိုင်ရင် အဆင့်ကျော်ပြီး ခုန်နိုင်ဖို့လိုတယ်။ တချို့က လည်း ဒါကို ဖားခုန်တယ်လို့ ခေါ်ပါတယ်။ Leapfrog လို့ အလွယ်ပြောကြပါတယ်။

အဓိက ကိုဗစ်ကာလမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ တွေ ကိုယ့်ရဲ့အခွင့်အလမ်းအဖြစ် အသုံးချပြီး ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းလုပ်နိုင်တယ်ဆိုရင် လုပ်ငန်းတွေ အားလုံး၊ လူမှုရေးနဲ့ စီးပွားရေးအပိုင်းမှာ အားလုံးပိုကောင်း တာတွေဖြစ်မယ်။ လူမှုရေးအပိုင်းမှာ မိသားစုတွေက အိမ်မှာ အချိန်ပိုပေးနိုင်တယ်။ Work from Home တွေ လုပ်လို့ရမယ်။ တစ်ပတ်မှာ နှစ်ရက်/ သုံးရက် သူ့အနေနဲ့ Work from Home လုပ်လို့ရရင် အဆင်ပြေတယ်။ သူ့သားသမီးတွေနဲ့ သူအချိန်ပိုပြီး ပေးနိုင်မယ်။ ဒါမျိုး အကြောင်းတွေကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အစီအစဉ်မှူး ။ ။ နောက်ထပ် မေးခွန်းက ဒီစီမံကိန်း အသစ်ဖြစ်တဲ့ MERRP နဲ့ ဒစ်ဂျစ်တယ် မြန်မာရဲ့ ချိတ်ဆက်မှုတွေက ဘယ်လိုမျိုးတွေရှိလာမလဲ ဆိုတာကို ဆရာဦးဝေဖြိုးက ဆွေးနွေးပေးစေချင်ပါတယ်။

ဦးဝေဖြိုး။ ။ MERRP ကို ပြန်လည်ကြည့်မယ်ဆိုရင် သူက စီးပွားရေး၊ လူမှုရေး ရှုထောင့်မျိုးစုံ ကနေ စဉ်းစားထားတာကို တွေ့ရှိရပါတယ်။ ဒါက စီးပွားရေးဆိုရင်လည်း စီးပွားရေး အကြီး၊ အလတ်၊ အငယ် ပါဝင်ပါတယ်။ အလားတူပဲ တောင်သူလယ်သမားများ၊ အမျိုးသမီးများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်များ အားလုံးအတွက်ပေါ့နော်။ သူ့အပိုင်းနဲ့သူ အကျိုးပြုစေ မယ့် စီမံကိန်းတွေကို ထည့်သွင်းပြီး ရေးဆွဲထားတာကို ကျွန်တော်တို့က တွေ့ရှိရပါတယ်။

MERRP ရဲ့ အဓိကထူးခြားချက်တစ်ခုကို ပြောရ မယ်ဆိုရင် သူက ခေတ်ကာလနဲ့ လိုက်လျောညီထွေစွာ ဒစ်ဂျစ်တယ်နည်းပညာကို မူအနေနဲ့တင်မက၊ တကယ့် စီမံကိန်းအနေနဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက်သုံးစွဲမယ်ဆိုပြီး ထည့်သွင်းဖော်ပြထား တာကို တွေ့ရှိရပါတယ်။ တကယ့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးကို စီမံကိန်းထဲမှာ ထည့်ရေးထားတာက ထူးခြားချက်တစ်ခုပါ။

MERRP မှာ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အဓိက ကဏ္ဍကြီး ၅ ခုရှိတယ်လို့ ကျွန်တော် တို့က ပြောလို့ရပါတယ်။ အကုန်လုံးကို ခြုံလိုက်တဲ့အခါမှာ နားထောင်တဲ့အခါ လွယ်ကူအောင်လို့ ပြန်ပေါင်းလိုက်ရင် ကဏ္ဍကြီး ၅ ခုပါ။ ပထမဦးဆုံးကဏ္ဍ က အွန်လိုင်းငွေပေး ချေမှုစနစ်ပါ။ အဲဒီစနစ်က အလွန်အရေးကြီးပါတယ်။ စီးပွားရေးလုပ်တဲ့အခါမှာ ငွေပေး/ ငွေချေစနစ်က အဓိက ပါ။ မြန်မာနိုင်ငံမှာဆိုရင် တကယ်တမ်းကျတော့ ယခု အချိန်အထိ ငွေစက္ကူကို အဓိကကိုင်ပြီးသုံးတယ်။

ငွေစက္ကူကို ကျွန်တော်တို့ထိလို့ရတယ်။ ကိုင်လို့ ရတယ်။ ရေတွက်လို့ရတယ်။ ဒါကို ကျွန်တော်တို့ စိတ်ချ တယ်။ ရောင်းဝယ်ဖောက်ကားမှုတွေမှာလည်း အသုံးပြု တယ်။ ဘဏ်ကို ငွေအပ်တယ်။ ငွေထုတ်တယ်။ အဲဒီမှာ လည်း ငွေစက္ကူပဲ။ စီးပွားရေးလုပ်ငန်းတွေ အချင်းချင်း ငွေပေးတယ်။ ငွေချေတယ် ဒါလည်း ငွေစက္ကူပဲ။ ဒါကို ကျွန်တော်တို့က သုံးစွဲတဲ့ဟာက ခေါက်ရိုးကျိုးနေပြီ။ ဒါကို စိတ်လည်းစိတ်ချတယ်၊ ယုံလည်းယုံကြည်တယ်။

အွန်လိုင်းစနစ်ကျတော့ ဒီလောက်ကြီး မယုံကြည်ဘူး။ တကယ်တမ်းပြောမယ်ဆိုရင် အွန်လိုင်းစနစ်နဲ့ ငွေပေး/ ငွေယူတွေ လုပ်နိုင်မယ်ဆိုရင် အကျိုးကျေးဇူးတွေ အများ ကြီးရှိတယ်။ ဒီမှာတော့ ကျွန်တော် အကျိုးကျေးဇူးလေးခုကို တင်ပြခွင့်ပြုပါ။

ပထမအကျိုးကျေးဇူး က ကွန်ပျူတာနဲ့သော် လည်း ကောင်း၊ မိုလ်ဘိုင်းဖုန်းနဲ့သော်လည်းကောင်း ပေးနိုင်၊ ချေနိုင်တယ်ဆိုရင် အလွန်လွယ်ကူသွားတယ်။ ဒီလို လုပ်နိုင်မယ်ဆိုရင် ဘဏ်မှာတန်းစီစရာလည်း မလိုတော့ ဘူး။ ပေးမယ့်နေရာမှာ လူမရှိလို့ စောင့်နေစရာလည်း မလိုတော့ဘူး။ ကိုယ့်ရဲ့ဖုန်းပေါ်မှာပဲ ငွေပေးငွေယူစနစ် တွေ၊ အလုပ်တွေက ပြီးသွားတယ်။

ဒုတိယအားသာချက် က ဖုန်းပေါ်မှာ ဖြစ်တဲ့အတွက် ဘယ်အချိန်မှာမဆို၊ ဘယ်နေရာမှာမဆို အလုပ်လုပ်လို့ ရတယ်။ အချိန်ကုန်အများကြီး သက်သာသွားတယ်။ ဆိုင်ဖွင့်နေသလား၊ ဆိုင်ပိတ်နေသလား ထည့်စဉ်းစား စရာမလိုတော့ဘူး။ ကိုယ်ပေးချင်တဲ့အချိန်၊ ကိုယ်အားတဲ့ အချိန်ပေးလို့ရတယ်။ လက်ခံလို့ရသွားတယ်။ ဒါက အားသာချက် နံပါတ် ၂ ပါ။

တတိယအားသာချက်က လုံခြုံရေးပဲ။ အွန်လိုင်းစနစ် က လုံခြုံရေးအလွန်ကောင်းတယ်။ ဒါပေမယ့် တော်တော် များများက လက်ထဲမှာရှိတဲ့ငွေက အလုံခြုံဆုံးလို့ ထင်ကြ တယ်။ ကိုင်လို့၊ ထိတွေ့လို့၊ ရေတွက်လို့ရတယ်။ ကိုယ့် လက်ထဲမှာ လက်ဝယ်ရှိနေတော့ တော်တော်များများ ကတော့ အလုံခြုံဆုံးလို့ထင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အွန်လိုင်းငွေပေးချေမှုစနစ်က အလုံခြုံဆုံးလို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မတွေ့သာမတွေ့ရတာ၊ အွန်လိုင်းကနေ ငွေကို ပေးမယ်၊ ချေမယ်ဆိုရင် နောက်ကနေ နည်းပညာနဲ့ အထပ်ထပ်ကာကွယ်ထားတာကို တွေ့ရှိရတယ်။ ငွေကို ပေးမယ်ဆိုရင်လည်း စိစစ်ပြီးမှပေးတယ်။ ငွေကို လက်ခံ မယ်ဆိုရင်လည်း ဒီလူသည် တကယ်ရသင့်သလား စိစစ် ပြီးမှ ပေးတာဖြစ်တဲ့အတွက် ငွေစက္ကူသုံးတာနဲ့စာရင် အွန်လိုင်းကနေ ငွေပေးချေမှုသည် ပိုမိုလုံခြုံစိတ်ချရတယ် လို့ ကောက်ချက်ချလို့ရပါတယ်။

နောက်ဆုံးအားသာချက် က ကိုဗစ်ကာလအတွင်း မှာ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုကို လျှော့ချနိုင်တယ်။ အွန်လိုင်းကနေ ပေးလိုက်တယ်။ ဖုန်းကနေ ပေးတာပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာက ပေးတာပဲဖြစ်ဖြစ် တန်းစီစရာ မလိုဘူး။ ဘဏ်သွားစရာမလိုတော့ဘူး။ လူချင်းတွေ့ပြီး ငွေထုပ်ကြီးတွေကို ပေးစရာမလိုတော့တဲ့အတွက် ကူးစက် မှုက အများကြီးလျော့ကျသွားနိုင်တယ်။ ဒါက အားသာ ချက် အဓိကလေးခုပါ။

MERRP က ဒီအားသာချက်တွေကို သိတဲ့အတွက် ကြောင့် အွန်လိုင်းငွေပေးချေမှုနဲ့ ပတ်သက်ပြီးတော့ အောက်ပါအစီအစဉ်တွေကို ဆောင်ရွက်မယ်လို့ ထည့်သွင်း ရေးသားထားတာကို တွေ့ရှိရပါတယ်။ ပထမဦးဆုံးက တော့ ကိုဗစ်ကြောင့် ထိခိုက်လွယ်တဲ့ အိမ်ထောင်စုတွေနဲ့ အခြားအဖွဲ့အစည်းများအတွက် စီစဉ်ထားခြင်းပါ။ သူတို့အတွက် အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက်သူတို့ရဲ့ ဖုန်းထဲကို ငွေလွှဲပေးဖို့အစီအစဉ်တွေကို ရေးသားထားပါ တယ်။

ဒုတိယအစီအစဉ်ကတော့ ပြည်သူတွေက အစိုးရ ဌာနတွေကို ပေးသွင်းရန်အခွန်တွေ၊ အခကြေးငွေတွေကို ဌာနကိုသွားသွင်းတာပဲဖြစ်ဖြစ်၊ ဘဏ်ကိုသွားသွင်းတာပဲ ဖြစ်ဖြစ် မလုပ်တော့ဘဲ အွန်လိုင်းစနစ်ကနေ ငွေလက်ခံ လို့ရအောင်စီစဉ်တဲ့ အစီအစဉ်တွေပါရှိပါတယ်။ နောက်ဆုံး ကတော့ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေက လည်း နိုင်ငံတော်အစိုးရကို ပေးသွင်းရတဲ့အခွန်အခတွေ၊ အခကြေးငွေတွေရှိတယ်။ အဲဒီ အခကြေးငွေတွေကို အွန်လိုင်းစနစ်ကနေ ပေးသွင်းလို့ရအောင် လုပ်ပေးမယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက် ၃ ချက်ကတော့ ပထမကဏ္ဍ ရဲ့ အွန်လိုင်းကနေငွေပေးချေမှုစနစ်နဲ့ ပတ်သက်တဲ့ MERRP မှာပါတဲ့ စီမံကိန်းတွေမှာ တွေ့ရှိရတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒုတိယကဏ္ဍမှာတော့ အစိုးရကနေ စီးပွားရေး လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတဲ့အခါ အွန်လိုင်းစနစ်နဲ့ ပြောင်းလဲဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဥပမာ ဘယ်လို ဝန်ဆောင်မှုမျိုးလဲဆိုတော့ လိုင်စင်လျှောက်တာပဲဖြစ်ဖြစ်၊ အခြားခွင့်ပြုချက်တောင်းတာပဲဖြစ်ဖြစ် အဲဒီလိုအရာတွေ ကို အခုလို လူသွားပြီး လျှောက်လွှာသွားတင်မယ့်အစား အထူးသဖြင့်အခုလို ကိုဗစ်ကာလမှာ အွန်လိုင်းစနစ်နဲ့ လုပ်ပေးဖို့ စီမံချက်တွေ ရှိပါတယ်။ ဒါက ဒုတိယကဏ္ဍပါ။

တတိယကဏ္ဍကတော့ အစိုးရကနေ ပြည်သူကိုပဲ ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများကိုပဲဖြစ်စေ သတင်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ မျှဝေပေး ရပါတယ်။ ဥပမာပြောမယ်ဆိုရင် အစိုးရဌာနအသီးသီးက ထုတ်ပြန်ရတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်၊ အသိပေး ကြေညာချက်စသဖြင့် အချက်အများကြီးရှိမယ်။ ဒါတွေက အများပြည်သူသိရှိအောင် သူလုပ်ပေးရတယ်။

အဲဒီလိုလုပ်တဲ့အခါ အစိုးရဌာနတစ်ခုချင်းစီက သူရဲ့ဝက်ဘ်ဆိုက်ကပဲဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ကပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်လေ့ရှိတယ်။ နေရာ မျိုးစုံကနေသတင်းတွေထွက်လာတယ်။ အဲဒီသတင်း တွေကို လိုက်ရှာပြီးစုရတယ်။ တစ်ခါတလေကျရင် လွတ်သွားတာလည်း ဖြစ်နိုင်တယ်။ ထွက်သွားတာကို မသိလိုက်တာလည်း ဖြစ်နိုင်တယ်။

ဒါကြောင့် နောက်နောင်မှာ MERRP ထဲမှာလည်း ထည့်သွင်းရေးသားထားပါတယ်။ သတင်းအချက်အလက် တွေကို နေရာတစ်ခုတည်းမှာ စုပေါင်းဖော်ပြထားတဲ့ ဗဟိုအစိုးရဝက်ဘ်ဆိုက်တစ်ခုကို ထူထောင်ပြီး အဲဒီ ကနေတစ်ဆင့် အစိုးရကလည်း ထုတ်ပြန်ပေးမယ်။ ပြည်သူတွေ၊ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေက လည်း ရယူနိုင်မယ်။ အဲဒီလိုလုပ်နိုင်ရင် အလွန်ကို ကောင်းမွန်သွားပြီး ပိုမိုတိကျလွယ်ကူသွားမယ်ဆိုတာ တွေ့ရပါတယ်။

စတုတ္ထကဏ္ဍကတော့ e-Commerce နဲ့ဆိုင်ပါတယ်။ ဒီနောက်ပိုင်းမှာ e-Commerce က အလွန်ကို အရေးကြီး လာမှာဖြစ်တဲ့အတွက် ဒီအရာကို အားပေးအထောက် အကူပြုတဲ့လုပ်ငန်းရပ်တွေကို MERRP မှာ ထည့်သွင်း ရေးဆွဲထားပါတယ်။ e-Commerce နဲ့ ပတ်သက်တဲ့ အချက်တွေကို ခြုံငုံသုံးသပ်မယ်ဆိုရင်တော့ အောက်ပါ အတိုင်း တွေ့ရှိရပါတယ်။

နံပါတ် ၁ အချက်အနေနဲ့ နောက်နောင်မှာ e-Commerce က ပိုမိုအရေးကြီးလာမှာ ဖြစ်တဲ့အတွက် e-Commerce လုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်နိုင် ဖို့ အရေးကြီးလာပါတယ်။ ဒါကြောင့် စည်းကမ်းတွေ၊ မှတ်ပုံတင်စနစ်တွေကို နိုင်ငံတော်အစိုးရကနေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယအပိုင်းက တော့ e-Commerce ဝက်ဘ်ဆိုက်တွေကနေ ဝယ်သူနဲ့ ရောင်းသူ အဆင်ပြေဖို့အတွက် အွန်လိုင်းငွေပေးချေမှု စနစ်တွေကို လွယ်ကူစွာထည့်သွင်းအသုံးပြုနိုင်ဖို့ ပံ့ပိုး ပေးမယ့်အစီအစဉ်တွေရှိပါတယ်။

e-Commerce တကယ်လုပ်တော့မယ်ဆိုရင် ငွေပေး ငွေယူစနစ်သည် အွန်လိုင်းမှာ အကုန်လုပ်တာပါ။ အဲဒီမှာ အထစ်အငေါ့တွေ၊ ကြန့်ကြာမှုတွေရှိတယ်ဆိုရင် ဝယ်သူ ကလည်း မဝယ်ချင်တော့ဘူး။ ရောင်းသူကလည်း အခက် အခဲတွေ အများကြီးဖြစ်တယ်။ အထူးသဖြင့် ငွေပေး/ငွေယူ ပိုပြီးလွယ်ကူစေဖို့အတွက် MERRP ထဲမှာပါတာ ဘဏ်တစ်ခုနဲ့တစ်ခုအကြားမှာ ငွေလွှဲငွေယူလုပ်ငန်းတွေ ကို တစ်စုတစ်စည်းတည်းဖြစ်အောင် စနစ်သစ်တွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ ပါရှိပါတယ်။ ဒီလိုလုပ်နိုင်မယ် ဆိုရင် e-Commerce လုပ်ငန်းစဉ်တွေသည် ပိုမိုလွယ်ကူ မြန်ဆန်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီလို လွယ်ကူအောင်လုပ်ပေး ပြီးသွားပြီဆိုရင် တကယ်ကို အရှိန်အဟုန်နဲ့ လုပ်လို့ရ အောင် ပြည်တွင်းထွက်ကုန်တွေကို ပြည်တွင်း၊ ပြည်ပ e-Commerce ဝက်ဘ်ဆိုက်တွေမှာ တွင်တွင်ကျယ်ကျယ်နဲ့ ရောင်းဝယ်နိုင်ဖို့ ဖြေလျှော့မှုတွေ၊ အားပေးမှုတွေကိုလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အထူးသဖြင့် ပြည်တွင်း ထွက်ကုန်ကို ပြည်ပ e-Commerce ဝက်ဘ်ဆိုက်တွေမှာ လွယ်လင့်တကူတင်ပြီးရောင်းချနိုင်ဖို့ အထူးအားပေး သွားမယ့် အစီအစဉ်ရှိတဲ့အတွက် အင်မတန်ကောင်းပါ တယ်။ နိုင်ငံတော်ကနေ ဦးဆောင်ပြီး စီးပွားရေးကဏ္ဍကို ကူညီပံ့ပိုးပေးသွားမယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းရပ်တွေဟာ ဒီထက်ပိုမိုတိုးတက်လာဖို့ မျှော်မှန်း လို့၊ မျှော်လင့်လို့ရပါတယ်။

ဒါပေမယ့် e-Commerce လို့ပြောပြီဆိုရင် အငယ်စား၊ အသေးစား၊ အလတ်စား MSMEs တွေဟာ သူတို့အနေနဲ့ မပါဝင်နိုင်ဘူး လက်လှမ်းမမီဘူးလို့ ထင်ကြပါတယ်။ ဒီအချက်ကို ကုစားပေးဖို့ MERRP ထဲမှာပါပါတယ်။ အစိုးရ ကနေ အွန်လိုင်းသတင်းအချက်အလက်ကွန်ရက်တစ်ခုကို ထူထောင်သွားမှာဖြစ်ပါတယ်။

ဒီကွန်ရက်ပေါ်မှာ MSMEs တွေက အွန်လိုင်းကနေ မိမိရောင်းနိုင်မယ့် ကုန်ပစ္စည်းတွေကို တင်လို့ရသွားမယ်။ ရောင်းသူနဲ့ ဝယ်သူချိတ်ဆက်မှုတွေကို တိုက်ရိုက်ရရှိ သွားမယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ဘယ်သူက ရောင်းချင်တယ်၊ ဘယ်သူက ဝယ်ချင်တယ်ဆိုတာကို လွယ်လွယ်ကူကူနဲ့ ပွင့်လင်းမြင်သာစွာ MSMEs တွေက သိသွားမယ်။ အဲဒါကြောင့် သူတို့အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပိုပြီးပွင့်သွားမယ်ဆိုတာ ယူဆလို့ ရပါတယ်။ ဒီကွန်ရက်ကို တည်ဆောက်ပြီးပြီဆိုရင် MSMEs တင်မကဘူး။ စိုက်ပျိုးရေးကဏ္ဍမှာလည်း အသုံးပြုလို့ ရတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေ၊ လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ထွက်ကုန်တွေကို ဝယ်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေ နှစ်ခုအကြားမှာ ကွန်ရက်ကနေ တစ်ဆင့် မိုလ်ဘိုင်းဖုန်းစနစ်နဲ့ အသုံးပြုလို့ရအောင်ကို လုပ်လို့ရတယ်။ ဝယ်သူနဲ့ရောင်းသူ တိုက်ရိုက်ချိတ်ဆက် ပေးနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် တောင်သူ တွေအတွက်လည်း ဈေးကွက်ပိုပြီးကျယ်ပြန့်သွားမှာ ဖြစ်ပါ တယ်။

ဒါက e-Commerce ရဲ့ ကောင်းတဲ့အကျိုးကျေးဇူး တွေပါ။ ချိတ်ဆက်မှုမှာ အင်မတန်မှ အဆင်ပြေသွားမယ်။ နိုင်ငံတော်အစိုးရကနေ ကွန်ရက်တစ်ခုကို တီထွင်လိုက်တဲ့ အခါ အများပြည်သူ MSMEs တွေပဲဖြစ်ဖြစ်၊ တောင်သူ လယ်သမားတွေ၊ အားလုံးက ဒီမှာ လွယ်လွယ်ကူကူနဲ့ တက်လာနိုင်တယ်။ ဝယ်သူနဲ့ရောင်းသူ ချိတ်ဆက်မှုအပိုင်း မှာ အလွန်ကောင်းတဲ့ရလဒ်တွေ ရရှိမယ်လို့ ကျွန်တော် တင်ပြလိုပါတယ်။

ပဉ္စမကဏ္ဍကတော့ အွန်လိုင်းကနေ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေနိုင်ဖို့အတွက် စီမံကိန်းတွေ ချမှတ်သွားမှာဖြစ်ပါတယ်။ ဒါကလည်း ခုနကွန်ရက်ကနေ တစ်ဆင့် သွားလို့ရပါတယ်။ ဒီမှာ ပြည်တွင်းက အလုပ် သမားတွေ၊ အလားတူ ပြည်ပကနေ ပြန်လည်ရောက်ရှိ လာတဲ့ မြန်မာအလုပ်သမားတွေအတွက်လည်း အွန်လိုင်း ကနေ မိုဘိုင်းလ်စနစ်ကို အသုံးပြုပြီး အလုပ်အကိုင်အခွင့် အလမ်းတွေရှာဖွေချိတ်ဆက်ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုအွန်လိုင်းကနေ အလုပ်အကိုင်ရှာဖွေ ခြင်းက အရေးကြီးပါတယ်။

ကိုဗစ်အလွန်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်တော့မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ များများနဲ့မြန်မြန် ရှာဖွေဖို့က အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေအပြင် နိုင်ငံတော်ကနေ တိုးချဲ့ဆောင်ရွက်သွားမယ့် MERRP အတွင်းမှာပဲ အခြား အစီအစဉ်တွေလည်း ရှိပါတယ်။

ပထမအချက်ကတော့ အွန်လိုင်းပညာရေးစနစ် ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပညာရေးနဲ့ဗဟုသုတတွေကို သင်နိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မည်သူ မဆို၊ မည်သည့်နေရာကမဆို ဝင်ရောက်ဖတ်ရှုနိုင်မယ့် အွန်လိုင်းစာကြည့်တိုက်တွေ၊ အွန်လိုင်းကသင်ယူနိုင်မယ့် အွန်လိုင်း သင်တန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့ စီစဉ်မှာဖြစ်ပါတယ်။

နောက်ဆုံးအစီအစဉ်က နိုင်ငံခြားမှာ အောင်မြင်လျက် ရှိတဲ့ စီးပွားရေး Model တစ်ခုကို ဆောင်ရွက်မှာဖြစ်ပါ တယ်။ အဲဒါက Sharing Economy လို့ ခေါ်ပါတယ်။ ဒီစနစ်အရ မိမိမှာ ပိုင်ဆိုင်တာတွေထဲက ပိုလျှံတဲ့ပစ္စည်း ကို လိုအပ်တဲ့သူထံကို ချိတ်ဆက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတဲ့ စီးပွားရေးစနစ်ပါ။ များသောအားဖြင့် ကိုယ့်မှာရှိတာတွေထဲက ပိုတယ်ဆိုရင် အခုအခြေအနေ အရဆိုရင် ဒီပိုလျှံတဲ့အရာကို ကိုယ်က အသုံးပြုလို့မရဘူး။

ဒါပေမယ့် Sharing Economy အရဆိုရင် ဒီပိုလျှံ ခြင်းကို ကိုယ့်အတွက် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်လို့ ရတယ်။ ဒီဟာသည် စီးပွားရေးလုပ်ငန်းအသစ်ကို တီထွင် နိုင်မယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် MERRP က ပုံမှန်စီးပွားရေးတင်မက ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် ထည့်သွင်းစဉ်းစားထားပါတယ်။ ကိုဗစ်နဲ့ ကိုဗစ်အလွန် ကာလမှာ လိုအပ်တဲ့ အချက်အလက်တော်တော်များများ ကို ခြုံငုံပြီးထည့်သွင်းထားတာကို တွေ့ရှိပါတယ်လို့ ကျွန်တော့်အနေနဲ့ မှတ်ချက်ပြုလိုပါတယ်။ ကျေးဇူးတင် ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာတို့ ဆွေးနွေးသွားသလောက် ဆိုရင် စီမံကိန်းအသစ်ဖြစ်တဲ့ MERRP က ဒစ်ဂျစ်တယ်နဲ့ဖော်ဆောင်ရမယ့် လုပ်ငန်း တွေက ပိုပြီးများနေတာကို တွေ့ရပါတယ်။ ဒီလိုလုပ်ငန်း တွေကို လက်တွေ့အကောင်အထည်ဖော်သွားမယ့် အပိုင်း ကိုလည်း ဒေါက်တာထွန်းသူရသက်က ဆွေးနွေးပေးပါဦး။

ဒေါက်တာထွန်းသူရသက်။ ။ အခု ဦးဝေဖြိုး ရှင်းပြခဲ့တာတော့ the New Normal ပေါ့။ the Next New Normal နောက်လာမယ့် ပုံမှန်အသစ်မှာရှိမယ့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ကို MERRP မှာ ဘယ်လို ထည့်သွင်းထား သလဲ၊ ဆောင်ရွက်မလဲဆိုတာ ရှင်းပြသွားတာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အချို့ကဏ္ဍတွေကို အသေးစိတ် အနည်းငယ်မြင်သာအောင် ရှင်းပြချင်ပါတယ်။ အဓိက ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ဆိုတာ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံးကို နည်းပညာသုံးပြီး အဆင့်မြှင့်ပြောင်းလဲတာဖြစ်ပါတယ်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအားလုံး ပါပါတယ်။

အကြမ်းဖျင်းပြောရရင် နည်းပညာက နေရာတိုင်းမှာ သုံးပါတယ်။ ကျန်းမာရေးမှာ ရောဂါတွေအဖြေရှာတဲ့ နေရာမှာ နည်းပညာလိုတယ်။ ကိုယ့်နိုင်ငံအနေနဲ့ နည်း ပညာမသုံးနိုင်ရင် လုပ်ငန်းကဏ္ဍအားလုံးမှာ ကျန်ခဲ့မယ်။ ပညာရေးလို့ပြောရင် ပညာရေးက ဘယ်ကိုရွေ့သလဲ၊ ဘယ်ကိုပြောင်းသလဲဆိုတာသိဖို့လိုတယ်။ နည်းပညာ ကိုသုံးပြီး ဘယ်လိုမျိုးပံ့ပိုးပေးမှာလဲ။ တချို့က ပြောကြ တယ် ပညာရေးကို Reform လုပ်လို့မရဘူး။ Transform လုပ်ဖို့လိုတယ်။ လုံးဝကို ပြောင်းလဲဖို့လိုတယ်။ ပြန်ပြင်လို့ မရဘူး လုံးဝပြောင်းနိုင်ရမယ်လို့တောင် တင်စားကြပါ တယ်။

ဒါပေမယ့် ဘယ်လိုဝေါဟာရသုံးသလဲဆိုတာ အဓိက မဟုတ်ပါဘူး။ ပညာရေးက ကျောင်းသားကို ဗဟိုပြုပြီး Learning ရွေ့သွားတယ်။ သင်ကြားတာ မဟုတ်တော့ဘူး။ သင်ယူတာ ဖြစ်သွားတယ်။ Learning လို့ပြောတဲ့အခါ ကျောင်းသားရဲ့နှုန်းနဲ့ သင်ဖို့လိုတယ်။ ဆရာရဲ့နှုန်းနဲ့ မဟုတ်တော့ဘူး။ သင်ရိုးရဲ့နှုန်းမဟုတ်တော့ဘူး။ Lear-ning Management System (LMS) တွေပိုပြီးတော့ ပညာရေးမှာ အောင်မြင်လာတယ်။ ကျောင်းသားက တစ်ရက်မှာ ၅ မိနစ်အချိန်ရှိရင် ၅ မိနစ်လေ့လာတယ်။ သူရဲ့နှုန်းနဲ့သူ လေ့လာခွင့်ရရမယ်။ ဒီကျောင်းသားက နှေးတယ်။ ဒီကျောင်းသားကမြန်တယ်။ ဒီနှုန်းတူစရာ မလိုဘူး။ ဒါကို Outcome - based Education (OBE) လို့လည်းခေါ်တယ်။

အဓိက ကျွန်တော်ပြောချင်တာက ပညာရေးရဲ့ ပြောင်းလဲမှုက အဓိကကျတယ်။ နည်းပညာက အဓိက မဟုတ်ဘူး။ နည်းပညာသည် ပြောင်းလဲမှုကို ပံ့ပိုးပေးတဲ့ ကိရိယာတန်ဆာပလာလို့ ယူဆလို့ရတယ်။ ခုနက OBE ရလဒ်ကိုအခြေခံတဲ့ ပညာရေးလို့ပြောတဲ့အခါ လုပ်ငန်း တွေမှာ လိုအပ်ချက်ကို အခြေခံပြီးတော့ သင်ကြားမှု အစား လေ့လာမှုကို ပြောင်းလဲလိုက်တယ်။ ကာယကံရှင် က လေ့လာချင်စိတ်ရှိရမယ်။ သူဘာသိချင်တယ်၊ ဘာတတ်ချင်တယ် သူ့မှာ ဆန္ဒရှိရမယ်။ အားစိုက်မှုရှိရမယ်။ ဒါကို အခြေခံပြောင်းလာတယ်။ ဒါလေးကို ကျွန်တော်တို့က နည်းပညာသုံးပြီး LMS တွေ ပိုပြီးသုံးလာကြပါတယ်။

နောက်တစ်ခု အခြေခံကျတာက ငွေပေးငွေချေ အရေးကြီးတယ်။ ကိုဗစ်ကာလမှာ ငွေသားကြောင့် ရောဂါ ကူးစက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် မဟုတ်ရင်တော့ ဘဏ်လုပ်ငန်းတွေမှာ ငွေသိမ်းတဲ့အခန်းမှာ လုပ်ရတဲ့ ဝန်ထမ်းတွေရဲ့ဘဝကမလွယ်ပါဘူး။ ငွေသားက ထွက်လာ တဲ့ အနံ့အသက်တွေကို နေ့စဉ်နဲ့အမျှ ရှူနေရတယ်။ ဒီငွေသားတွေကို သယ်ပိုးရတယ်။ ဗဟိုဘဏ်မှာရော အားလုံးမှာ ဒီဝန်ထုပ်ဝန်ပိုးတွေရှိတယ်။ အကယ်၍သာ Cashless ငွေသားမပါတဲ့စနစ်ကို အသုံးပြုနိုင်ရင် နိုင်ငံတော်အနေနဲ့လည်း အများကြီး အကျိုးရှိတယ်။ တစ်ယောက်ချင်းစီ၊ အားလုံးအတွက် ကိုဗစ်ကာလမှာ လည်း ကူးစက်မှုတွေ နည်းသွားမယ်။

ပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ၊ ကိုယ်က ပြည်ပကို တင်ပို့ရောင်းချတဲ့အခါ ငွေသားဆိုတာ မဖြစ် နိုင်ဘူး။ ကိုယ့်ရဲ့ကန့်သတ်ချက်တွေ မရှိတော့ဘူး။ ဒီလိုမျိုး ကိုယ့်ရဲ့ လုပ်ငန်းကဏ္ဍတစ်ခုချင်းစီမှာရှိတဲ့ အခက်အခဲ တွေကို နည်းပညာသုံးပြီး ဖြေလျှော့ပြီး အားသာမှုရယူဖို့ လိုအပ်ပါတယ်။ MERRP မှာ ပြောသွားတဲ့အထဲမှာ အဓိက Platform တစ်ခုလို့ ခေါ်ပါတယ်။

အစိုးရအနေနဲ့ အထောက်အပံ့တွေ၊ အကူအညီတွေကို ပြည်သူတွေကိုပေးမယ်ဆိုရင် အချိန်နဲ့တစ်ပြေးညီ ပို့ချင် တယ်၊ ရောက်ချင်တယ်။ ရစေချင်တယ်။ အမှားအယွင်းမရှိ ချက်ချင်း ရောက်စေချင်တယ်။ ဒီအတွက် နည်းပညာကို သုံးလို့ရတယ်။ မြန်မာနိုင်ငံအတွက် အားနည်းချက်တွေ အများကြီးရှိပေမယ့် အားသာချက်တစ်ခုက ကျွန်တော်တို့ ဆီမှာ လူတိုင်းမှာ မိုဘိုင်းလ်ဖုန်းရှိကြတယ်။ ဒီအားသာ ချက်ကို အခြေခံပြီး မိုဘိုင်းလ်ဖုန်းရှိသူအားလုံးကို ဒီလို အကူအညီ၊ အထောက်အပံ့တွေ အချိန်နဲ့ တစ်ပြေးညီ ပေးနိုင်မယ်ဆိုရင် နည်းပညာအားဖြင့် ခေါ်တာတော့ Government to Citizen (G2C) အစိုးရမှ ပြည်သူသို့၊ Government to Person/ People (G2P) လည်း ခေါ်ကြ တယ်။ ဒါကို နိုင်ငံတော်က ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါ တယ်။

နောက်တစ်ခုက ပြည်သူကလည်း အစိုးရကို ပြန်ပေး စရာတွေရှိတယ်။ မီးဖိုး၊ ရေဖိုး၊ လျှပ်စစ်ဖိုးတွေ ဖြစ်နိုင် တယ်။ အခြားအခွန်အခတွေ ဖြစ်နိုင်တယ်။ ပေးတဲ့အခါမှာ လည်း အဆင်ပြေလွယ်ကူ ဖို့လိုတယ်။ ဒီလို Platform တစ်ခုတည်းနဲ့ ကျွန်တော်တို့ပြည်သူက အားလုံးလုပ်လို့ ရတယ်ဆိုရင် ကောင်းတာပေါ့။ လုပ်ငန်းတွေကလည်း အစိုးရကို ပေးစရာရှိတယ်။ ရစရာရှိတယ်။ ဒီအခါမှာ ငွေသားတစ်ခုတည်းမဟုတ်ဘဲ အရင်းအနှီးတွေ (Capital)၊ အရင်းအမြစ်တွေ (Resources)ကို အားလုံး ရွှေ့ပြောင်း လို့ရရင် ပိုကောင်းပါတယ်။ အားလုံးက Platform တစ်ခု တည်းမှာ ရနိုင်တယ်။ ဒါကိုလည်း MERRP မှာ အကောင် အထည်ဖော်ဖို့ ရည်မှန်းထားတာကို တွေ့ရှိရပါတယ်။

နောက်တစ်ခုထပ်ပြီး ဖြည့်စွက်ချင်တာက အခုအချိန် မှာ e- Commerce လို့ လူတိုင်းပြောကြတယ်။ အချို့က တင်စားပြီးပြောကြတယ်။ m- Commerce , Mobile- Commerce ပေါ့။ မိုလ်ဘိုင်းဖုန်းပေါ်က မှာမယ်။ ဝယ်မယ်။ အချို့ဆိုရင် ဆိုရှယ်မီဒီယာပေါ်က ရောင်းတာ၊ ဝယ်တာ ရှိတယ်။ စိန်တွေ၊ အိမ်တွေတောင် ရောင်းကြတာတွေ့ရပါ တယ်။ ဒါတွေအားလုံးက Mobile - Commerce ၊ Social Commerce ဆိုတာ e- Commerce အမျိုးအစားထဲမှာ ပါတယ်။ ဒီနေရာမှာတော့ အမျိုးသမီးတွေသည် ရှေ့ရောက် နေတာကို တွေ့ရတယ်။ ဆိုရှယ်မီဒီယာမှာ Social Commerce တွေမှာ အောင်မြင်နေတာကို တွေ့ရတယ်။ ဒါကတော့ ရောင်းချတယ်၊ ဝယ်ယူတယ်ဆိုတဲ့ သဘောပဲ ဆောင်တယ်။

Sharing Economy ကျတော့ ရောင်းချတာ၊ ဝယ်ယူ တာတင်မကဘူး။ ဝေငှတာ ပါလာတယ်။ ပိုတဲ့သူက လိုတဲ့ သူကိုဝေငှတယ်ဆိုတဲ့ Sharing Economy ပါလာတယ်။ ဒါက အရေးကြီးပါတယ်။ ကျွန်တော်က ကားဝယ်ရင် ကုန်ကျစရိတ်က ဈေးကြီးတယ်။ ဈေးကြီးတဲ့အတွက် သူများကို ငှားရင်လည်း ကျွန်တော့်ရဲ့ အခကြေးငွေက ဈေးကြီးမှာပဲ။ ကျွန်တော်က ရင်းနှီးရတာကို။ ဒါပေမယ့် အဲဒီလို မဟုတ်ဘဲ ပိုနေတဲ့သူတစ်ယောက်က ပိုနေတဲ့သူရဲ့ ကားကို တစ်နာရီစာ၊ နှစ်နာရီစာကို သူများကို ပြန်ငှားမယ်၊ ပြန်ဝေငှမယ်ဆိုရင် သူ့ရဲ့ အပိုဝင်ငွေ ဖြစ်လာမယ်။ Economy မှာဆုံးရှုံးမှုတွေ နည်းသွားမယ်။ Win - Win လို့ ခေါ်တဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ပုံစံ ဖြစ်လာပါတယ်။

ကားဖြစ်ရင်ဖြစ်မယ်၊ ကုန်ကြမ်းဖြစ်ရင် ဖြစ်မယ်၊ ဝန်ဆောင်မှုဖြစ်ရင်ဖြစ်မယ် ဒါကို အားလုံးကို အပြန် အလှန်ဝေငှခွင့်ရှိတယ်ဆိုရင် Sharing Economy သည် ကျွန်တော်တို့ စီးပွားရေးစနစ်အတွက် အတော့်ကို အခြေခံ ကျတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီမှာ ငွေပေး ချေမှုတွေပါမယ်၊ အရင်းအမြစ်တွေပါမယ်၊ အရင်းအနှီးတွေ ပါမယ်။ ကျွန်တော့်မှာ စုငွေရှိတယ်။ ဟိုဘက်မှာ အလုပ် လုပ်ချင်တဲ့သူရှိမယ်။ စုငွေရှိတဲ့သူ ၄/ ၅ ယောက်က ပူးပေါင်းပြီးတော့ လိုအပ်နေတဲ့ လုပ်ငန်းတစ်ခုကို ကျွန်တော်တို့က ချေးငှားနိုင်တယ်၊ ပေးနိုင်တယ်ဆိုရင် သူများနိုင်ငံမှာတော့ Person to Person (P2P) လို့ခေါ်ပါ တယ်။ ဒီလိုမျိုး စနစ်အသစ်တွေပေါ်လာမယ်။

အရင်တုန်းကမရှိခဲ့တဲ့ စနစ်အသစ်တွေ Sharing Economy မှာပေါ်လာပါလိမ့်မယ်။ နောက်တစ်ခု အရေး ကြီးတာက နည်းပညာသုံးရင် လူတွေ အလုပ်အကိုင် ထိခိုက်တယ်ဆိုတဲ့ မှားယွင်းတဲ့ ယူဆချက်တစ်ခုရှိတယ်။ ဒီအလုပ်ကို နည်းပညာသုံးမယ်ဆိုရင် ၁၀ ယောက်မှာ ၁ ယောက်ပဲ လိုတယ်။ ၉ ယောက်က အလုပ်ပြုတ်မယ်ဆိုတဲ့ အတွေးအခေါ်ရှိတယ်။ ဒါကို အနည်းငယ်ရှင်းပြချင်ပါ တယ်။ ကျွန်တော်တို့ဘက်က ကြိုးစားဖို့လိုတယ်။ တတ်ကျွမ်းမှုကို ပြန်လည်သင်ယူဖို့လိုတယ်။ the New Normal ပုံမှန်အသစ်မှာ နည်းပညာသုံးတဲ့အခါ သိစရာ၊ တတ်စရာတွေပိုပါတယ်။ ဒါကို လိုက်စားဖို့ လိုပါတယ်။ ဒါကတော့ Upskill and Reskill လုပ်ရမယ်။ နည်းပညာ အသုံးပြုမှုက အခွင့်အလမ်းတစ်ခုပါ။ ၁၀ ယောက်စာကို တစ်ယောက်အားနဲ့ လုပ်နိုင်စွမ်းရှိရင် ဆယ်ဆပိုလုပ် နိုင်တယ်လို့ မြင်သင့်တယ်။ ၉ ယောက်ကို ဖြုတ်ဖို့ပြောတာ မဟုတ်ဘူး။

ယခု ၁၀ ယောက်စာက ယခင် အယောက် ၁၀၀ စာကို လုပ်နိုင်စွမ်းရှိတယ်။ လယ်သမားဆိုရင်လည်း ၁၀ ဧကမှာ တစ်တန်ထွက်ရာကနေ ၁ ဧကကနေ ၁၀ တန်ထွက်ခဲ့ရင်၊ ၁၀ ဧကသည် ၁၀ အစား ၁၀၀ ဖြစ်သွားတယ်။ ထုတ်လုပ်မှု စွမ်းရည်အဆမြင့်သွားတယ်။ ဒါအတော့်ကို အရေးကြီး ပါတယ်။ အရည်အသွေးလည်း တက်ဖို့လိုတယ်။ ထုတ်လုပ်မှုစွမ်းအားလည်း တက်ဖို့လိုတယ်။ ဒါမှသာ တံခါးဖွင့် စီးပွားရေးစနစ်တွေမှာ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင် ကြတဲ့ နိုင်ငံတွေကြားထဲမှာ ရင်ပေါင်တန်းနိုင်မှာ ဖြစ်ပါ တယ်။

ဒါကြောင့် နည်းပညာအသုံးပြုမှု၊ လူတွေအားလုံးရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ဖို့ အရေးကြီးပါတယ်။ ငွေကြေး၊ ဘဏ္ဍာရေးကိစ္စတွေ အပါအဝင် ကဏ္ဍအားလုံးမှာ အရေးကြီးပါတယ်။ ခရီးသွားလုပ်ငန်းတွေရှိတယ်။ ကျန်းမာရေးလုပ်ငန်းတွေရှိတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ရှိတယ်။ စက်မှုလုပ်ငန်းတွေရှိတယ်။

ဒါတွေအားလုံးမှာ ပြောင်းလဲမှုတွေလုပ်လို့ ရပါတယ်။ အဓိက အရေးကြီးတာက နည်းပညာလို့ ထင်ပေမယ့် တကယ်တော့ နည်းပညာမဟုတ်ပါဘူး။ လူ့စွမ်းအားအရင်း အမြစ် ဖြစ်ပါတယ်။ ကျွန်တော်တို့ခေါ်တာ People, Process, Technology လူတွေက အဓိကအကျဆုံးပဲ။ လူတွေက သိလာဖို့၊ တတ်လာဖို့ကို အရင်ဆုံး ရင်းနှီးဖို့ လိုတယ်။ အချိန်ပေးဖို့လိုတယ်။ အားစိုက်ဖို့ လိုတယ်။ ကိုယ့်ဝန်ထမ်းတွေ၊ ကိုယ်ကိုယ်တိုင်ရော ဘာသုံးရမလဲ၊ ဘာအကျိုးရှိမှာလဲ၊ ဘယ်လိုလုပ်ရမလဲ သိဖို့လိုတယ်။ People အဓိက ဖြစ်ပါတယ်။

နောက်တစ်ခုက လုပ်ငန်းစဉ် Process ကိုယ်လုပ် နေတဲ့ လုပ်ငန်းစဉ်တွေကို ပြင်ဖို့လိုတယ်။ ကျွန်တော်တို့က Sharing Economy လို့ပြောတဲ့အခါ၊ Learning Management System လို့ပြောတဲ့အခါ သင်ကြားရေး မဟုတ်တော့ဘူး။ လေ့လာရေး ဖြစ်သွားပြီ။ အဲဒီအခါမှာ Learning က အရေးကြီးပါတယ်။ Sharing Economy မှာလည်း လုပ်ငန်းရဲ့လုပ်ငန်းစဉ်တွေကို ပြောင်းဖို့လိုတဲ့ အတွက် အပြောင်းအလဲကို စီမံခန့်ခွဲမှုသည် အရေးကြီး ပါတယ်။

နောက်ဆုံးမှာမှ Technology ဖြစ်ပါတယ်။ လူတွေ၊ လုပ်ငန်းစဉ်တွေ မှန်ပြီ၊ ရပြီဆိုတဲ့အခါမှာ ကျွန်တော်တို့က နည်းပညာကိုသုံးပါတယ်။ နည်းပညာအပိုင်းကို အခုအချိန် မှာ စတုတ္ထစက်မှု တော်လှန်ရေးလို့ တင်စားပြောကြပါတယ်။ ပထမ၊ ဒုတိယ၊ တတိယပြီးတော့ အခုစတုတ္ထ ဖြစ်ပါတယ်။ ပထမက စက်ယန္တရားတွေ ပေါ်လာတယ်။ ဒုတိယက လျှပ်စစ်ပေါ်လာတယ်။ တတိယက ကွန်ပျူတာတွေ၊ အိုင်တီတွေ ပေါ်လာတယ်။ စတုတ္ထမှာ Industry 4.0 နည်းပညာပေါ့ အကြမ်းဖျင်းအားဖြင့် Artificial Intelligence (AI) တို့၊ Internet of Things (IoT) တို့ Big Data တို့ လူတွေရဲ့ လုပ်ရည်ကိုင်ရည် ဉာဏ်ရည်နီးပါး လုပ်နိုင်စွမ်းရှိတဲ့ စက်ပစ္စည်းတွေ၊ နည်းပညာတွေကို သုံးလာနိုင်ကြတယ်။

အဲဒီအခါမှာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ၊ အခွင့် အလမ်းတွေက အတော့်ကို ပြောင်းသွားပါတယ်။ ဘယ်လောက်အထိ ပြောင်းသလဲဆိုတော့ ကျောင်းသား ၁၀၀ မှာ ကျောင်းသား ၆၅ ယောက်က သူတို့ကျောင်းပြီးရင် လုပ်ရမယ့်အလုပ်က အခုလက်ရှိမှာ မပေါ်သေးဘူး။ ကျွန်တော်တို့အားလုံးသည် အပြောင်းအလဲကို ရင်ဆိုင်ရ မယ်။ ကျွန်တော်တို့အားလုံးသည် လုပ်ငန်းအသစ်တွေကို လုပ်ရမယ်။ အဲဒီအခါမှာ ဒီဟာကို အာရုံစိုက်ဖို့လိုပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်ပြောချင်တာက အဓိက MSDP မှာလည်း ပါတယ်။ MERRP မှာလည်းပါ တယ်။ အပ်ကြောင်းထပ်နေတဲ့ အကြောင်းအချက် တစ်ချက်က အများပါဝင်နိုင်မှုဖြစ်ပါတယ်။ Inclusiveness အားလုံးပါဝင်နိုင်ဖို့ လိုပါတယ်။ အပြောင်းအလဲမှာ အောင်မြင်ဖို့ဆိုရင် ခေါင်းဆောင်ကနေ အောက်ခြေအထိ ပါဖို့လိုပါတယ်။ လူတန်းစားအားလုံး ပါဖို့လိုတယ်။ ပညာရေးအဆင့်အတန်းအားလုံးပါဖို့ လိုပါတယ်။ တစ်ဖက် ကလည်း အသက်အရွယ်အားလုံးပါဖို့လိုပါတယ်။ ကျား၊ မ အားလုံးပါဖို့လိုတယ်။ လူကြီးတွေကို ချန်ခဲ့လို့မရဘူး။ ကလေးတွေလည်း ပါရမယ်။ လူကြီးတွေလည်း ပါရမယ်။ ပါဝင်ပုံတူချင်မှ တူမယ်။ e- Commerce လို့ပြောရင် အမျိုး သမီးတွေက ပိုတောင် ရှေ့ရောက်နေကြတယ်။ အမျိုးသား တွေကို ချန်ခဲ့လို့မရဘူး။ အားလုံးတူညီသွားဖို့လိုတယ်။ နောက်တစ်ခုက ကျေးလက်နဲ့ မြို့ပြ ကွာဟမှုရှိနေနိုင်တယ်။ ဒီကွာဟမှုကို နည်းအောင်၊ မရှိအောင် ဘယ်လိုမျိုး ညှိနှိုင်း မလဲပေါ့။

ဒါတွေကို ကျွန်တော်တို့လုပ်မယ်ဆိုရင်တော့ ကဏ္ဍ အလိုက်အပြောင်းအလဲတွေကို MERRP က အကောင် အထည်ဖော်တဲ့အခါ ထိထိရောက်ရောက် လုပ်ပြီး ကိုယ့်နိုင်ငံက သူများနိုင်ငံတွေကို မီရုံတင်မကဘဲ ကျော်နိုင် တဲ့အဆင့် တစ်ချိန်မှာရောက်လာအောင် အဆင့်ကျော် ခုန်တဲ့ ပုံစံမျိုးလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။ ။

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်