ရန်ကုန် မေ ၁၉
လာမည့်ခရီးသွားရာသီ၌ ပြည်ပနိုင်ငံများမှခရီးသွားများ မြန်မာ့အလှနှင့်ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လဒုတိယပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွား ဝင်ရောက်မှုလျော့နည်းသွားမှုကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာဝအလှများ၊ အပန်းဖြေ ကမ်းခြေများ၊ ရိုးရာအစားအစာများနှင့် ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးအပင်မျိုးစိတ်များကို လေ့လာကြည့်ရှုအပန်းဖြေနိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ အီဂျစ်၊ ချက်ကိုစလိုဗာ ကီးယား၊ ရိုမေးနီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှ ခရီးသွားဆိုင်ရာ ကုမ္ပဏီများပါဝင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်မှုကဏ္ဍတွင် ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ငွေဆောင်ကမ်းခြေနှင့် အခြားခရီးသွားဒေသတို့ကို အဓိကထားဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြပွဲတွင် ပြည်တွင်း/ပြည်ပခရီးသွား ဒေသများ၊ ခရီးသွားဆိုင်ရာဆွေးနွေးပွဲများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဘဏ်များနှင့် အာမခံများ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာများ၊ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများနှင့် စွန့်ဦးတီထွင်ပြခန်းများကို ပြသသွားမည်ဖြစ်ပြီး ပြပွဲကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပသွားမည်ဖြစ်သည်။
သတင်း - ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး
