နေပြည်တော် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ ကညင်ဆည်တွင် ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား Kanyin Hydro Power Co.,Ltd က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစက်ရုံမှ ထုတ်လုပ်မည့် ဓာတ်အားကို ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ၆၆ ကေဗွီ မြန်အောင် - ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ် မေ ၂၃ ရက် (စနေနေ့) နှင့် မေ၂၄ ရက် (တနင်္ဂနွေနေ့) တို့တွင် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါဓာတ်အားလိုင်းဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်အား ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှတစ်ဆင့် သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့တို့တွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်
