Skip to main content

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်မည်

နေပြည်တော် နိုဝင်ဘာ ၂၈

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကနဦး ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး)ရုံးများ၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက် (အင်္ဂါနေ့)မှစတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။

မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် ၁၄.၉.၂၀၂၀ ရက်နေ့မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ (၇၈)ရက်ကာလအား ထည့်သွင်း ရေတွက်ခြင်းမပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးမည်ဖြစ်သည်။

သို့သော် ၂၈.၂.၂၀၂၁ ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များသည် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင်ရုံးများ ပြန်လည်ဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Version-1.0)ပါ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ရာ ယာဉ်မှတ်ပုံတင်ရန် လာရောက်မည့်သူများ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက် နိုင်စေရန်အတွက် Online Booking လျှောက်ထားရာ Application Letter ၌ ပြည့်စုံစွာထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း၊ သို့ပါ၍ ယာဉ်မှတ်ပုံတင်ရန်လာရောက်မည့်သူများသည် ၎င်းသတ်မှတ်ချက်များအား သေချာစွာ ဖတ်ရှုပြီး တိကျစွာ အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်