Skip to main content

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်

နေပြည်တော် ဇွန် ၂၁

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။

သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပါသည်။

မိုး/ဇလ