နေပြည်တော် ဇူလိုင် ၄
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းသင်တန်းများတက်ရောက်ပြီး တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄)မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဇူလိုင်လ ၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့ လည်းကောင်း၊ ၎င်းတို့၏ နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်း စေလွှတ်ခဲ့ပြီးဖြစ်သည်။
ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း၊ တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦးပီသစွာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများသည် ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့် လက်တွဲ၍ ဂုဏ်ယူစွာ ထမ်းဆောင်ခဲ့ကြသူများအဖြစ် လည်းကောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စည်းကမ်းလိုက်နာ၍ ပေးအပ်လာသည့် နိုင်ငံ့တာဝန်များကို နိုင်ငံကြီးသားပီသစွာ တာဝန်ကျေပွန်ခဲ့ကြသူများအဖြစ် လည်းကောင်း မှတ်တမ်းဝင်ခဲ့ကြသည်ဖြစ်ရာ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးများသည်လည်း ၎င်းတို့၏ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့မှုကြောင့် ဂုဏ်ယူရမှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရမှုကြောင့် ဝမ်းသာပျော်ရွှင်ရမှုတို့ဖြင့် လှပပြည့်စုံလျက်ရှိပြီး ၎င်းတို့၏မိသားစုဝင်များသာမက ဒေသခံပြည်သူများကပါ ဝမ်းသာကြည်နူးမှုများနှင့်အတူ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ဂုဏ်ပြုကြိုဆိုခြင်းများကို ဆောင်ရွက်ပေးကြသည်။
တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍လည်းကောင်း၊ အိုးစည်ဒိုးပတ်များဖြင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် မြင်ကွင်းများ၊ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်းများ၏ နိုင်ငံတော်ကပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်မှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရခြင်းအပေါ် ပျော်ရွှင်ရမှုနှင့် ၎င်းတို့အပေါ် မိသားစုနှင့် ပတ်ဝန်းကျင်ကပါ ဂုဏ်ယူလေးစားစွာကြိုဆိုခဲ့မှုအပေါ် ကြည်နူးဂုဏ်ယူရသည့် မြင်ကွင်းများကို လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့မြင်ရပါသည်။
အဆိုပါ နိုင်ငံ့သားကောင်းစစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် ကူညီကယ်ဆယ်ရေးတာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့်နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည့်အပြင် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင် (သို့မဟုတ်) အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ”က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းရတနာများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်နေသည့်အချိန်တွင် အသက်ကိုပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏ အရန်အင်အားအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က ထာဝစဉ်တန်ဖိုးထား လေးစားဂုဏ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။
