နေပြည်တော် ဇူလိုင် ၇
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဒေသများတွင် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပြန်လည်ချောမွေ့လာစေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မြို့/ရွာများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် နေ့မအား ညမနား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါလှသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော တမူး-ကလေးလမ်းကြောင်းမှတစ်ဆင့် ကလေးဝ-မုံရွာသို့ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အထိ ကုန်သွယ်မှုပြုလုပ်နိုင်သည့် ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရန် တပ်မတော်နှင့်ပြည်သူလက်တွဲပြီး ဇွန်လ ၂ ရက်နေ့မှစ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဆိုပါလမ်းပိုင်းအား အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်တွင် ရေလယ်ကျွန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီးတဲစုကျေးရွာအားလည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်းကောင်း၊ ဇွန်လ ၈ ရက်တွင် သစ်ရာပင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ထုံးကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန်လ ၂၃ ရက်တွင် ကျော်ကျေးရွာသို့ရောက်ရှိကာ ဒေသခံလုံခြုံရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ လာပို့ကျေးရွာနှင့် ကျော်ကျေးရွာအကြားရှိ လမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာ ထောင်ထားသည့်မိုင်းများအား ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁ ရက်တွင် မြေနီကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂ ရက်တွင် စည်ပင်သာကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၃ ရက်တွင် မိုင်တစ်ရာတဲစုကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၆ ရက်တွင် သဲကြမ်းတဲစုကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင်လ ၇ ရက် ယနေ့ညနေပိုင်းတွင် ကလေးဝရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းနိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကလေးဝ-ကလေး-ဖလမ်း-ဟားခါး-ထန်တလန်သို့လည်းကောင်း၊ ကလေးဝ-ကလေး-တီးတိန်-တွန်းဇံ-ကျီခါးသို့လည်းကောင်း၊ ကလေးဝ-မုံရွာ-မြင်းမူ-စစ်ကိုင်း-မန္တလေးသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်ပြီဖြစ်ပြီး ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်းကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိ ပြန်လည်အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် ကလေးဝမြို့သို့ ရောက်ရှိလာသည့် တပ်မတော်စစ်ကြောင်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက အောင်သပြေများ၊ ပန်းကုံးများဖြင့် ဝမ်းသာအားရ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းကြောင်းတစ်လျှောက်၌ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူအလောင်းများ၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခဲ့သည့် ကျေးရွာများအား သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းသည် ၁၁၅ မိုင်ရှည်လျားပြီး နိုင်လွန်ကတ္တရာ အမျိုးအစားလမ်းဖြစ်ကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါလှသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော တမူး-ကလေး လမ်းကြောင်းမှတစ်ဆင့် မုံရွာ-မန္တလေးလမ်းကြောင်းသို့ တိုက်ရိုက်ချိတ်ဆက်ပေးသောကြောင့် ကုန်စည်စီးဆင်းရန် အချိန်ကုန်သက်သာ၍ မြန်ဆန်ချောမွေ့လှသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလည်းဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် အဆိုပါဒေသရှိကျေးရွာများအတွင်း ဒေသခံပြည်သူများအား အတင်းအဓမ္မခြိမ်းခြောက်ကာ စခန်းချဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို လုပ်ကိုင်ကာ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ခဲ့သည့်အတွက် ကုန်စည်စီးဆင်းမှုမရှိတော့သောကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဒေသထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချရန်အခက်အခဲများကို ရင်ဆိုင်နေရသည့်အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အချိန်တိုအတွင်း ကုန်စည်များ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ခြင်းများ မရှိတော့သောကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရသည်။
ထို့ပြင် အဆိုပါလမ်းကြောင်းတစ်လျှောက် သွားလာနေသော ကုန်တင်ကားများ၊ ခရီးသွားမော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်၏ အဖိုးတန်မြေပေါ်မြေအောက်သယံဇာတများ၊ သစ်များကို တရားဥပဒေမဲ့ ခိုးထုတ်ခြင်း၊ နိုင်ငံတော်မှ ကန့်သတ်ထားသည့် ကုန်စည်များကိုလည်း ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် သယ်ယူပို့ဆောင်ခြင်းများပြုလုပ်ကာ ယာယီထိန်းချုပ်ပိတ်ဆို့ထားသည့်အတွက် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ များစွာဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုအနေဖြင့် လုံခြုံအေးချမ်းမှုမရှိဘဲ စိုးရိမ်ကြောက်လန့်မှုကြီးစွာဖြင့် နေထိုင်ခဲ့ကြရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ထိုကဲ့သို့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်းကုန်စည်ပို့ဆောင်မှုများအတွက် အရေးပါလှသည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းအား အလုံးစုံအပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့ကာ အဆိုပါလမ်းကြောင်းကို မှီခိုအားထားနေရသော နယ်မြေဒေသများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကလေး-မုံရွာလမ်းခရီးကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ဒေသခံပြည်သူများအနေဖြင့် လုံခြုံအေးချမ်းသည့်ဘဝများကို ပြန်လည်ပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်တော့မည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးကဏ္ဍ၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ပြန်လည်ဖော်ဆောင်နိုင်တော့မည်ဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းတစ်လျှောက်နှင့် ကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များထောင်ထားသည့် မိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းပိုင်းအတွင်း အကြမ်းဖက်များဖျက်ဆီးခဲ့သည့် လမ်း၊ တံတား နေရာများအားလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေး လိုအပ်သည့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
