Skip to main content

အများပြည်သူအကျိုးစီးပွားရှေးရှု အခွန်ကင်းလွတ်ခွင့်ထပ်မံခွင့်ပြု

နိုင်ငံတော်အစိုးရသည် နိုင်ငံ၏စီးပွားရေးတည်ငြိမ်စေရေး၊ ပြည်သူလူထု၏လူမှုစီးပွားဘဝများ သက်သာချောင်ချိမှုရှိစေရေး၊ အခွန်ကဏ္ဍရေရှည်အခြေခံခိုင်မာရေးတို့ကိုရည်ရွယ်သည့် မူဝါဒဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် ပြည်ပသွင်းကုန်များနှင့်ပတ်သက်၍ အများပြည်သူအကျိုးစီးပွားကိုရှေးရှုပြီး ဆောင်ရွက်ပေးလျက်ရှိရာ ဖြစ်ပေါ်နေသော အခြေအနေများအပေါ်မူတည်၍ အခွန်ကင်းလွတ်ခွင့်ကာလများကို မကြာခဏထပ်မံတိုးမြှင့်ခွင့်ပြုပေးလျက်ရှိသည်။

ယခုအခါတွင် အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခများအခြေအနေ မှာမပြီးပြတ်သေးဘဲ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ကမ္ဘာ့စက်သုံးဆီ အခက် အခဲများနှင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက်ရှိသော အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကိုထိန်းညှိပေးရန် လိုအပ်လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဒီဇယ်ဆီ HSD(500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည် ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို တစ်လချင်းအလိုက် ကင်းလွတ်ခွင့်ပြုပေးလျက်ရှိသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့် ပြုပေးခဲ့ပြီးဖြစ်သည်။ ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့်ဒီဇယ်ဆီ HSD (500 ppm) အပေါ်အကျုံးဝင်စေမည့် အခွန်ကင်းလွတ်ခွင့်ကာလကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအသုံးပြုသည့် ဒီဇယ်ဆီ HSD(500 ppm) ဈေးနှုန်းတည်ငြိမ်စေရန်၊ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန်နှင့် အခြေခံပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးကို အဓိကဦးတည်၍ ဒီဇယ်ဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြစ်သည်။

အလားတူ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်ချိန်တွင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ပြည်သူလူထုအတွက် ဓာတ်အားခဈေးနှုန်းများ သက်သာစေရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို အထက်ပါကာလများနှင့် အကြောင်းအရာများအတိုင်း အခွန်ကင်းလွတ်ခွင့်ကို ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးထားသည်။ ထို့အပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရန်တို့အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်များကိုလည်း အလားတူကင်းလွတ်ခွင့်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိသည်။

ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းနှင့် သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်နေမှုသည် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် ကုန်ဈေးနှုန်းအပေါ် တိုက်ရိုက်ရိုက်ခတ်မှုရှိနေသည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးတို့အတွက် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းညှိဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားနေမှုအခြေအနေများနှင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းအခြေအနေများ၊ ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်များ၊ ကုန်စည်ဈေးနှုန်းအခြေအနေများ၊ အခြားဒေသတွင်းနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်နေမှုအခြေအနေများကို လစဉ်စိစစ်သုံးသပ်လျက်ရှိပြီးလိုအပ်ပါက ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည်တို့အပေါ် အခွန်ကင်းလွတ်ခွင့်ကာလကို ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပေါ်နေသော လောင်စာစွမ်းအင်အကျပ်အတည်းကြောင့် အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရန်အတွက် မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှု ထိန်းညှိဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ၏ အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ပေးကြရန်နှင့် ပြည်သူလူထုကလည်း နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပေါ် ပြန်လည်တန်ဖိုးထားပြီး စွမ်းအင်ဆိုင်ရာပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။