Skip to main content

ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး အထည်အလိပ်စက်မှုကဏ္ဍဦးတည်

ပြည်တွင်းဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြင့်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ဇူလိုင်လ ၁၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက “ဝါစိုက်ပျိုးထုတ်လုပ်မှုကိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဝါစိုက်တောင်သူများ၊ ဝါကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ကြသူများနှင့် နိုင်ငံတော်အတွက် များစွာအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုကို အခြေခံ၍ Agro-based Industries အဖြစ် ဆောင်ရွက်သွားရန်လိုပြီး ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို မိမိတို့နိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အနာဂတ်အခန်းကဏ္ဍတွင် အမှန်တကယ်အကျိုးရှိသည့် ဆွေးနွေးပွဲအဖြစ် ဆောင်ရွက်သွားကြရန်” တိုက်တွန်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများဆောင်ရွက်နေချိန်တွင် ဝါစိုက်တောင်သူများ မပါဝင်သဖြင့် ယခုကဲ့သို့ ဝါစိုက်တောင်သူများပါဝင်သည့် ဆွေးနွေးပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ဝါစိုက်ပျိုးမှုအမြင့်မားဆုံးဖြစ်သည့် မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝါစိုက်တောင်သူ၊ ဝါမျိုးစေ့ထုတ်လုပ်သူ၊ ဝါဂွမ်းထုတ်လုပ်သူ၊ ချည်ထုတ်လုပ်သူ၊ ရက်ကန်းလုပ်ငန်း၊ ဂျင်ခုံလုပ်ငန်း ဆောင်ရွက်သူအစုအဖွဲ့များ ပါဝင်ကြသည်။

“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်၍ အတွေ့အကြုံများကို ဖလှယ်ကြမည်ဖြစ်သည်။ ဝါနှင့် ပတ်သက်၍ ဝါစိုက်ပျိုးမှု၊ ဝါမှ ဝါဂွမ်း၊ ဝါဂွမ်းမှ ချည်မျှင်ကို ထုတ်လုပ်ကြရာတွင် သမားရိုးကျလုပ်ကိုင်သည့်စနစ်မှ အဆင့်မြင့်အထည်အလိပ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ပြီး စက်ရုံများလည်ပတ်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ GDP လည်း တိုးတက်လာမည်ဖြစ်ကာ နိုင်ငံ၏အသားတင်ထုတ်လုပ်မှု မြင့်မားတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုစံနှုန်းကို GDP ဖြင့် တိုင်းတာကြပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့ပါဝင်သည်။ ၎င်းကဏ္ဍကြီးသုံးခုအနေဖြင့် တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး အားလုံးတိုးတက်မှသာလျှင် နိုင်ငံ့ GDP လည်း တိုးတက်လာနိုင်မည်ဖြစ်သည်။

ယင်းတို့တွင် ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသည် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် အဆိုပါကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဝါစိုက်ဧက ရှစ်သိန်းကျော်ခန့်ရှိပြီး နှစ်အလိုက်ဝါစိုက်ဧက လျော့နည်းကျဆင်းလာခဲ့သည်။ ထို့ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြီးခဲ့သည့်ကာလ၌ ဝါစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဝါစိုက်ပျိုးမှုတွင် တစ်နိုင်ငံလုံးပျမ်းမျှအထွက်နှုန်း စိုက်ဧက ၃ ဒသမ ၃ သိန်းကျော်၌ တစ်ဧကအထွက်နှုန်း ၄၃၆ ပိဿာရှိသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဝါစိုက်ဧက ၅ ဒသမ ၄ သိန်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၄၉၉ ဒသမ ၂ ပိဿာရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဝါလိုအပ်ချက်နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်ပါက များစွာပိုလျှံထွက်ရှိသည်ကို တွေ့ရသည်။

လက်ရှိကမ္ဘာ့ပေါက်ဈေးအရ ဝါတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင်ရှိပြီး မြန်မာနိုင်ငံ၌ သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများမှ ရောင်းချရရှိငွေသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက် အကျိုးရှိသည့်လုပ်ငန်းဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အလေးထားဆောင်ရွက်သွားကြရန်လိုပြီး ဝါစိုက်တောင်သူများကလည်း တစ်ဧက ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်ရာ ယခုဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့ကျသည့်ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းသို့ ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။    ။