နေပြည်တော် ဇူလိုင် ၁၄
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၂/၂၀၂၆) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၆ ခုနှစ် ပွင့်လင်းရာသီကာလအတွင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးနိုင်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ် ဖော်ထုတ်ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ဆွေးနွေးကြသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လမှစတင်၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေဖြစ်ပေါ်ခဲ့ပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အပူချိန်မြင့်တက်ခြင်း၊ တောမီးလောင်ကျွမ်းမှုများ အလွယ်တကူဖြစ်ပေါ်နိုင်ခြင်း အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ၂၀၂၇ ပွင့်လင်းရာသီအတွက် မီးခိုးမြူငွေ့လျော့နည်းကျဆင်းရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြမည့် လုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး Fire Hotspot လျော့ကျမှုအနေဖြင့် အခြေခံနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမခြောက်လအတွင်း Fire Hotspot ၅၀၅၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ ယခုနှစ် ၂၀၂၆ ခုနှစ် ပထမခြောက်လပတ်တွင် Fire Hotspot ၄၄၉၃၁ ကြိမ် ဖြစ်ပေါ်ခဲ့သည့်အတွက် ၅၅၈၁ ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
