Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (၅၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများ ညီလာခံနှင့် အကြိမ်(၄၀)မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂

အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ (South East Aisan Central Banks) နှင့် အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းငွေကြေး အာဏာပိုင်အဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၅၆) ကြိမ်မြောက် အရှေ့ တောင် အာရှဗဟိုဘဏ်များအဖွဲ့ဂါဗာနာများညီလာခံ (56th SEACEN Governors’ Conference) နှင့် အကြိမ် (၄၀) မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ် အဖွဲ့အစည်း အဝေး (40th SEACEN Board Of Governors Meeting) ယမန်နေ့နံနက် ၉ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲနှင့်အစည်းအဝေးသို့ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

(၅၆) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံတွင် တရုတ်နိုင်ငံ ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ Dr. Chen Yulu က “Opportunities and Challenges in Adopting Central Bank Digital Currencies” ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဗဟိုဘဏ်များအနေဖြင့် ဒီဂျစ်တယ်ငွေကြေးများ ပြောင်းလဲအသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ်အသီးသီးမှ ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

ထို့နောက် အကြိမ် (၄၀) မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့ အစည်းအဝေးအား ဆက်လက်ကျင်းပ ရာ အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ၊ ဘရူနိုင်းငွေကြေးအာဏာပိုင်အဖွဲ့မှ Managing Director ၊ Ms. Yang Mulia Dayang Hajah Rokiah binti Haji Badar နှင့် SEACEN Centre မှ Executive Director  Dr. Mangal Goswami တို့က အဖွင့်အမှာစကားများပြောကြားကြသည်။

ဆက်လက်၍ Dr. Mangal Goswami က ၂၀၂၀ ပြည့်နှစ်ကာလအတွင်း SEACEN Centre အနေဖြင့် သင်တန်းများ၊ အစည်းအဝေး များ၊ အလုပ်ရုံဆွေးနွေးပွဲများကို Online အသုံးပြု၍ ကျင်းပရသည့်အခြေအနေ၊ သုတေသနစာတမ်းများ ထုတ်ဝေခဲ့သည့် အခြေအနေများကို ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြသည်။ ယင်းနောက် SEACEN Centre ၏ ၂၀၂၀-၂၀၂၂ ခုနှစ်အတွက် မဟာ ဗျူဟာမြောက်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ၊ လာမည့် ၂၀၂၁ ခုနှစ်အတွက် အဖွဲ့ဝင်ဗဟိုဘဏ်များမှ အရာထမ်းများတက်ရောက်ရန် သင်တန်းများလျာထားမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ SEACEN Centre ၏ ဝန်ထမ်းများခန့်အပ်ခြင်း၊ SEACEN အဖွဲ့ဝင်အသစ်များ ဝင်ရောက်မှုနှင့်ပတ်သက်၍ စံသတ်မှတ်ချက်၊ ပြင်ပစာရင်းစစ်များခန့်အပ်မှု၊ ၂၀၁၉ ခုနှစ်အတွက် အသုံးစရိတ်သုံးစွဲမှု၊ ၂၀၂၁ ခုနှစ် SEACEN Centre မှ ကျင်းပသည့် သင်တန်းများသို့ တက်ရောက်ရန် အဖွဲ့ဝင်ဗဟိုဘဏ်များအတွက် ပညာသင်ဆုများလျာထားမှု၊ အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ နည်းပညာဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့-၂ (SEACEN Technical Working Group 2 Project) ၏ Project on Developing a SEACEN Leadership Competency Framework စီမံကိန်းအား SEACEN Center မှ ဦးဆောင်၍ဆောင်ရွက်ရန် အခြေ အနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများ၏ ကုန်ကျစရိတ်များစသည်တို့နှင့် ပတ်သက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြလမ်းညွှန်မှုခံယူရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ရှေ့ဆက်လက် ဆောင်ရွက်ရန်တို့ကို မှာကြားကြကြောင်း သိရသည်။

(သတင်းစဉ်)