Skip to main content

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်းပထမ ပြန်စာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက ဆောင်ရွက်တော်မူသည်။

အစည်းအဝေးတွင် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာဆောင်ရွက် ချက်များအပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တကုဏ္ဍလကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကလျာဏကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပဏ္ဍိတကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြပြီး ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို ရပ်နားသည်။

ထို့နောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ယင်းနောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးချက်များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစိဏ္ဏကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝံသကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇာတကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။

ဆက်လက်၍ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိလာသာဘိဝံသကက အတည်ပြုချက်ရယူပြီး နဝမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဝေဠုဝန် ရွှေကျင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဦးဆောင်သော တပည့်ဓမ္မမိတ်ဆွေများက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်