Skip to main content

လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်

မျက်မှောက်ကာလ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုများသည် နိုင်ငံများရှိ ပြည်သူများ၏ ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအား၊ စည်းလုံး ညီညွတ်မှုနှင့် ဇွဲ၊ လုံ့လအားထုတ်နိုင်မှု အနည်း၊ အများအပေါ်တွင် မူတည်ပေသည်။ တိုးတက်သောနိုင်ငံများရှိ ပြည်သူများတွင် အဆိုပါအရည်အချင်းများ များများစားစား ရှိနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ပညာရည်မြင့်မားပြီး အမြော်အမြင်နှင့် ဆင်ခြင်တုံတရား ပြည့်ဝ သည့် လူသားအရင်းအမြစ်များ လိုအပ်ကာ ထိုအရင်းအမြစ်များမှ နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများဖြစ်လာ မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့် သဘင်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့နိုင်ငံ ခေတ်မီလာဖို့၊ ဖွံ့ဖြိုးတိုးတက် လာဖို့၊ ဒေသတွင်းနိုင်ငံများနဲ့ ရင်ပေါင်တန်း ရပ်တည်နိုင်ဖို့၊ နိုင်ငံတကာ နယ်ပယ်မှာ သိက္ခာရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် သဘာဝ သယံဇာတတွေအပေါ် မှီခိုနေလို့ မရဘူး။ ပညာ၊ ဉာဏ်၊ အတွေးအခေါ်၊ အမြော်အမြင်တွေနဲ့ ပြည့်စုံတဲ့ လူသား အရင်းအမြစ်တွေနဲ့ တည်ဆောက်မှသာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအားများသည် ပညာကိုအခြေခံ ဖြစ်ထွန်းနိုင်ပါသည်။ ပညာသည် လူသား တိုးတက်ရေး၌ အခြေခံအကျဆုံးအချက်ဖြစ်ပြီး ပညာမှသည် ကောင်းမွန်မြင့်မားသော အရည်အချင်းများဖြင့် အရာရာတွင်ဖန်တီး တည်ဆောက် နိုင်သည်။ ပညာမှ ထုတ်နုတ်ပေးသော တွေးခေါ်ဆင်ခြင်မှုများမှလည်း စည်းလုံးညီညွတ်မှုနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု များကို မွေးဖွားပေးနိုင်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုး များစွာဖြင့် မတူကွဲပြားမှုများကြားတွင် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်သောနိုင်ငံဖြစ်သည်။ မတူကွဲပြားမှုများအကြား မယုံကြည်မှုများ၊ သံသယများကြောင့် အခက်အခဲများဖြင့် ရုန်းကန် ရင်ဆိုင် နေရဆဲဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။

ယုံမှားသံသယများကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အချင်းချင်းကြားတွင် ယုံကြည်မှု၊ နားလည်မှုများ တည်ဆောက်နိုင်မှသာ ကျွန်ုပ်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီ နိုင်ငံ၊ မျှော်မှန်းထားသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံကို ပြုပြင်

ပြောင်းလဲ တည်ဆောက်နေသောကာလတွင် ယင်းအချက်သည် လွန်စွာအရေးကြီးသဖြင့် ပညာ ပြည့်ဝပြီး အမြင်ကျယ်ကာ သဘောထားကြီးသည့် လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာအောင် ပညာရေးကဏ္ဍတွင် ဦးစားပေးရင်းနှီး မြှုပ်နှံနေခြင်းဖြစ်သည်။ ယင်းတွင် အဆင့်မြင့်ပညာ ကဏ္ဍသည် အရေးပါပြီး ပညာဆည်းပူးနေကြသော လူငယ်လူရွယ်များ အရည်အသွေးမြင့်မား၍ အမြော် အမြင်ရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသည့် လူသားကောင်းများဖြစ်လာရန် ကြိုးပမ်းနေသည်။

ထို့ကြောင့် အဆင့်မြင့်ပညာများပေးဝေနေသော ရန်ကုန်တက္ကသိုလ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ အရည်အသွေး၊ အရည်အချင်း၊ အဆင့်အတန်း မြင့်မားလာအောင် မြှင့်တင်ကြရမည် ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်၏ဆောင်ပုဒ်တွင် “နတ္ထိဝိဇ္ဇာ သမံမိတ္တံ့” ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေသည်မရှိဟူသော ဆိုစကားကဲ့သို့ ရန်ကုန် တက္ကသိုလ်နှင့်အတူ တက္ကသိုလ်ကောလိပ်များသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဘဝ အဖော်မွန်ဖြစ်သော ပညာဟူသည့် မိတ်ဆွေကောင်း နှင့်ပေါင်းဖက်မိအောင် ဖြည့်ဆည်းပေးနေ သည်ဖြစ်ရာ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်ပြီး အကျိုးရှိမည့် ဌာနဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့လူသားအကျိုးပြု ခေါင်းဆောင်များ၊ တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ် များစွာတို့ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ရာ မျက်မှောက် ကာလနှင့် အနာဂတ်ကာလတို့တွင်လည်း ရန်ကုန်တက္ကသိုလ်၏သမိုင်းကြောင်း အစဉ်အလာ ကောင်းများနှင့်အညီ ဉာဏ်ရည်၊ နှလုံးရည် တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအား မြင့်မားသည့် ထူးချွန် ထက်မြတ်သောမျိုးဆက်များ ဆက်လက်မွေးထုတ်ပေးနိုင်ရန် တက္ကသိုလ်ကို ဝိုင်းဝန်းအဆင့်မြှင့်ပေးကြရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကြီးနှင့်တကွ မြန်မာပြည်ရှိ အဆင့်မြင့်ပညာဌာနအားလုံး နိုင်ငံတကာ အဆင့်မီ အရည်အသွေးမြင့်မားအောင် ကြိုးပမ်းမြှင့်တင်ခြင်းဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင် ရာတွင် အထူးလိုအပ်နေသော နိုင်ငံတော်ကို ကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်ပါကြောင်း။ ။