ရန်ကုန် ဇူလိုင် ၂၆
Fire Dragon Futsal Championship 2026 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက MFF Futsal Stadium ၌ ကျင်းပရာ YCDC Dream Team FC အသင်းက YRG FC အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ချန်ပီယံဆုရရှိသည့် YCDC Dream Team FC အသင်းအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဆုရရှိခဲ့သော YRG FC အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၇၅ သိန်းကို ပေးအပ်ချီးမြှင့်သည်။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုကို ကျော်ရဲသွေး (YCDC Dream Team FC) နှင့် အကောင်းဆုံး (ယူ-၁၉) လူငယ်ကစားသမားဆုကို အောင်စည်ထက် (Yangon Academy FC) တို့က ရရှိခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-MFF
